By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လ၂၅ရက်) နံနက်ရှစ်နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျောက်မဲမြို့၊ရပ်ကွက်ရှစ်နေ အမျိုးသားတစ်ဦးနှင့် ရပ်ကွက်ကိုးနေ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ရပ်ကွက်ရှစ်နေ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“သွားတော့ မကြည့်ရဲဘူး။ အသံတော့ ကြားလိုက်တယ်။ ဘယ်ဘက်ကျမှန်းကိုလည်း မသိဘူးလေနော့။ မနက်တုန်းက အသံကအစုံပဲဆိုတော့ ကျမလည်း အခုမှ သူငယ်ချင်းတွေပြောလို့ သိတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း TNLAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကျောက်မဲမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက် ကိုးနာရီခန့်တွင်လည်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ပေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အသက်၁၄နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ဒဏ်ရာရသူ နှစ်ဦးကို နမ့်ခမ်းပရဟိတလူမှုကူညီရေးအသင်းက ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိသည်။
ယနေ့တွင် ကျောက်မဲ၊နောင်ချိုနှင့်မိုးကုတ်မြို့နယ်တို့၌ TNLAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

