By Poe Sangle / MPA
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး အရပ်ဘက်နှင့် စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်းအပြင် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြန်လည်ခုခံလျက်ရှိ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၂၂ရက်တွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အထက်ပိန်းပြစ်ရွာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် TNLA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်မှုများပြုလုပ် နေခြင်းများကြောင့် ပြန်လည်တုန့်ပြန်ရန် စီစဉ်နေကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဆိုသည်။
“ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်သွားတယ်ဆိုတာ သေချာမပြောနိုင်သေးဘူး။ ပြီးတော့ ဒီသဘောတူညီ ချက် ဘယ်အခြေအမျိုးရောက်ပြီးလဲ သေချာမပြောနိုင်သေးပေမဲ့၊ ကျမတို့ဘက်က စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်” ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက MPA ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၆မြို့နယ်နှင့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ခဲ့ကာ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၁ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နှစ်ဖက်တပ်များ အပစ်ရပ်ရန် ဟိုင်ဂင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်တွင် နှစ်ဖက်တပ်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များဖြစ်ပွားလာပါက တွေ့ဆုံ ဆွေးနွေးမူလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့် အချက်များပါဝင် သည်။
သို့သော် အပစ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီး တစ်ရက်အကြာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်တွင် ကျောက်မဲမြို့နယ်၊ နမ့်စောကျေးရွာနှင့် ငြိမ်းချမ်းရေးကုန်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည့်အတွက် နှစ်ဖက်တပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် ဇန်နဝါရီ ၂၂ရက်တွင်လည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာတွင် စစ်ကောင်စီနှင့် TNLA တို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ထွက်ပြေးခဲ့ရပြီ၊ တိုက်ပွဲ ငြိမ်ပြီပြောလို့ ရွာထဲပြန်လာတာ သုံးလလောက်ပဲရှိသေးတယ်။ အခုလည်း ထပ်ပြေးရန်ပြန်ပြီ၊ ပြီးတော့ မနေ့က (ဇွန် ၂၂ရက်) စစ်တပ်က လက်နက်ကြီး ပစ်တယ်။ ရွာသားတွေတော့ မထိဘူး။ ဘုန်းကြီးကျောင်းနဲ့ အိမ်တချို့ ထိသွားတယ်” ဟု ပိန်းပြစ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခဲ့သည့် အထက်ပိန်းပြစ်ကျေးရွာသည် အိမ်ခြေ ၂၀၀ကျော်ရှိပြီး လက်ရှိ ဒေသခံများသည် တောတွင်းနှင့် လက်ဖက်ခြံများသို့ ထွက်ပြေးနေရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၂၂ရက်၊ နေ့လယ် ၁၁နာရီတွင် မိုးကုတ်မြို့၌ စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ လေးနာရီတွင် စစ်တပ်က အထက်ပိန်းပြစ်ကျေးရွာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘာသာရေးအဆောက်အအုံ တစ်ခု ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။
“ TNLA ကစပြီး ခုခံလာပြီဆိုတော့ တိုက်ပွဲက ငြိမ်သွားမဲ့ အလားအလာတော့မရှိတော့ဘူးလို့မြင်တယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက အစကတည်းက တစ်ဘက်သတ်ပစ်ခတ်နေပြီပဲလေ၊ ရပ်သွားမဲ့ အခြေအနေလည်း မရှိဘူးလို့ ထင်တယ်” ဟု မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၈ရက်နှင့် ၁၉ရက်တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် TNLA စခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား သုံးဦးကျဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ယင်းအပြင် ဇွန် ကိုးရက်တွင်လည်း မိုးမိတ်မြို့နယ်၊ မန်ပိန်းနှင့် ပန်တင်းရွာကြားရှိ TNLA တပ်စခန်းကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား သုံးဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သေးသည်။
မိုးကုတ်မြို့နယ်၊ အထက်ပိန်းပြစ်ကျေးရွာ၌ ဖြစ်ပွားသည့် တိုက်ပွဲသည် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုပြီး ခြောက်လအကြာတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီနှင့် TNLA တို့အကြား ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲလည်းဖြစ်သည်။



