By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြင့် စျေးသစ်စီမံကိန်းတစ်ခု ဆောက်လုပ်ရန် ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စျေးအား နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အမှတ် ၂စျေးအား ပြန်လည်တည်ဆောက်ကာ အဆင့်မြှင့်တင်မည်ဖြစ်သည်။
လက်ရှိ အမှတ် ၂ စျေးတွင် တရုတ်စာဖြင့် ကြော်ငြာ ဆိုင်းဘုတ်ထောင်ထားပြီး အဆိုပါ ဆိုင်းဘုတ်တွင် “ တရုတ်မြို့” ဟု အနက်အဓိပ္ပာယ်ရသည့် စာများရေးသားထားကာ ရင်းနှီးမြုပ်နှံမှု ယွမ်ငွေ ၁၆သန်းရှိမည်ဖြစ်သည်။
ထိုကဲ့သို့ နမ့်ခမ်းမြို့တွင် စျေးသစ် ပြန်လည်တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဆိုင်ပိုင်ရှင်များ၊ စျေးသည်များနှင့် ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်း TNLA လက်အောက်ခံ၊ နမ့်ခမ်းမြို့ရှိ ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဟုတ်တယ်။ အရင်က စျေးအဟောင်းကို ပြန်ပြုပြင်ပြီး အသစ်တည်ဆောက်သွားမှာပါ၊ နှစ်ထပ် တိုက်ပုံစံမျိုးလုပ်သွားမယ်။ ဆိုင်ရှင်တွေနဲ့တော့ တိတိကျကျ အစည်းအဝေးခေါ်ပြီး မဆွေးနွေးရသေးဘူး” ဟု ၎င်းက ပြောသည်။
ယခုလို စျေးအသစ်ပြန်လည်တည်ဆောက်မည့်ကိစ္စတွင် ဆိုင်ခန်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းနှင့် ပတ်သက်ပြီး မူလဆိုင်ခန်းပိုင်ရှင်များနှင့် ဆွေးနွေးမှုမရှိသည့်အတွက် ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့ ဆိုင်ခန်းအတွက် အစားထိုးပြန်လည် မရရှိမည်ကို စိုးရိမ်မှုများရှိနေသည်။
“သူတို့(TNLA)က ကျမတို့ဆိုင်ရှင်တွေကို ဘာမှမပြောဘူး။ ဆိုင်ခန်းတွေကို လာဖြိုနေပြီ၊ အသေးစိတ်ဘာမှ မပြောဘူး။ နှစ်ထပ်တိုက်ပြန်ဆောက်ပေးမယ်လို့ဘဲ ပြောတယ်။ ဒါပေမဲ့ ဆောက်ပြီးရင် ပြန်ငှားရမယ်ဆိုတော့ အဆင်မပြေဘူး လေ” ဟု အမှတ် ၂ စျေးမှ ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန် ၁၃ရက်တွင် စျေးသစ်ပြန်လည်တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင်များ ကို TNLA က ခေါ်ယူကာ ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ပြောကြားခဲ့ခြင်းမရှိပေ။
ထို့ကြောင့် စျေးသစ်စီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၊ မည်သည့်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည့်ကိစ္စနှင့် စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPA က TNLA တာဝန်ရှိသူများကို မေးမြန်းခဲ့သော်လည်း အသေးစိတ်ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘဲ၊ စီမံကိန်းလုပ်ဆောင်နေသည်မှာ မှန်ကန်ကြောင်းသာ ပြောကြားခဲ့သည်။
လက်ရှိ နမ့်ခမ်းမြို့တွင် ဖော်ဆောင်နေသည့် စျေးသစ်စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကာ တရုတ်ကုမ္ပဏီဘက်မှ ဝန်ထမ်းအချို့ရောက်ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ မူဆယ်မှာရှိတဲ့ မင်္ဂလာမူဆယ်(တရုတ်စျေးတန်း)လို ပုံစံလုပ်မယ်တဲ့၊ ဆိုင်ခန်းတွေ ပြန်ပေးမယ်ဆိုတဲ့အကြောင်းတော့ မကြားမိဘူး။ ဆိုင်ရှင်တွေကိုလည်း ဘာမှ ညှိနှိုင်းပေးတာမရှိဘူးလို့ ကြားတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အသစ်ပြန်လည်တည်ဆောက်မည့် နမ့်ခမ်းမြို့ စျေးသစ်တွင် ဆိုင်ရှင်များအနေဖြင့် ဆိုင်ခန်းတစ်ခန်း ငှားရမ်ခအဖြစ် တစ်နှစ်လျှင် တရုတ်ယွမ်ငွေ တစ်သိန်း ပေးဆောင်ရမည်ဟု ဒေသခံများက ပြောဆိုသော်လည်း MPA အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
နမ့်ခမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလဖြစ်သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်တွင် TNLA က စစ်ကောင်စီထံမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့ရရှိရန်အတွက် တစ်လနီးပါး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။







