By Mandy / MPA
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နန့်သာကျေးရွာဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းမှ ကြဲချသည့်ဗုံး ကျရောက်ခဲ့ရာ ဦးဇင်းတစ်ပါးပျံလွန်ကာ ရွာသား ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၂ရက်၊ည ၁၂နာရီ ဝန်းကျင်ခန့်တွင် စစ်တပ်က ဗုံးကြဲချခြင်းဖြစ်ပြီး ဒေသခံ ၁၅ဦးခန့်လည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ မနေ့ညနေကတည်းက နှစ်ဖက်အပြန်အလှန်ပစ်သံတွေကြားပြီးတော့ သူတို့ဘက်က အရေးမလှလို့ထင်တယ်။ ၁၂နာရီလောက်ကြီး ဗုံးလာချတာ။ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ကျတာ” ဟု အသက်၂၅နှစ်ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
ဇွန်လ၂၂ရက်ညနေပိုင်းတွင် နန့်သာရွာဘုန်းကြီးကျောင်းအနီး၌ တော်လှန်ရေးတပ်နှင့်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ညဘက်၌ လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
Northern ABSDF Column-1 ၏ ထုတ်ပြန်ချက်ထဲတွင် ဦးဇင်းတစ်ပါး ပျံလွန်ကာ ပြည်သူ၇ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရကြောင်း ဖော်ပြထားသည်။
ဒေသခံအမျိုးသမီးကမူ “ရွာက ဦးဇင်းတစ်ပါးပျံလွန်တော်မူပြီး ဘုန်းကြီးကျောင်းမှာ သွားနေကြတဲ့ ရွာသား ၁၀ယောက်ကျော်သေတယ်။ ထိခိုက်ဒဏ်ရာ ရထားသူတွေလည်း ၁၅ယောက်လောက်ရှိတယ်” ဟု ဆိုသည်။
စစ်သားအင်အား ၅၀ခန့်သည် ၂၀၂၃ခုနှစ်၊မတ်လကတည်းက နန့်သာရွာတွင်ကင်းစခန်းများဖြင့် အခိုင်အမာတပ် စွဲထားပြီး ပြေးစရာနေရာမရှိသော ရွာသားအချို့မှာ ရွာ၌ပင် ဆက်လက်နေထိုင်ကြကြောင်း စစ်တပ်က ညဘက်ဆိုလျှင် ရွာထဲရှိ အိမ်များ၌ နေထိုင်သူများကို တာဝန်မယူနိုင်ဟုပြောသောကြောင့် ရွာသားအချို့က ညဘက်တွင် ရွာပြင်ထွက်အိပ်ကြပြီး အချို့မှာ ဘုန်းကြီးကျောင်း၌ လာအိပ်ကြ ကြောင်း သိရသည်။
စစ်သားများက ဘုန်းကြီးကျောင်းဝင်းအတွင်း နေထိုင်ကြပြီး ဘုန်းကြီးကျောင်းထဲတွင် အပေါ်ကျောင်းနှင့်အောက်ကျောင်းဟူ၍ရှိရာ ရွာသားများက အောက်ကျောင်း၌ ညအိပ်ကြကြောင်း စစ်တပ်က ဗုံးကြဲချရာတွင် အောက်ကျောင်းတည့်တည့်သို့ ဗုံးကျရောက်ခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
နန့်သာရွာတွင် ယနေ့ မွန်းလွဲပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသေးကြောင်း သိရသည်။