By Ko Paing / MPA
စစ်ကောင်စီတပ်၏ လက်လွတ်စပယ်သတ်ဖြတ်နေခြင်းများ အဆုံးသတ်နိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲဆောင်ရွက်ကြရန် နှိုးဆော်ထားသည့် ဝင်းနိမ္မိတာရုံကျောင်းတိုက်စာသင် သားဟောင်း တပည့်သံဃာတော်များ၏ ထုတ်ပြန်ချက်မှာ အစစ်အမှန်ဖြစ်ကြောင်း ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။
စစ်အာဏာရှင်များမှ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များမှ သဘောထားထုတ်ပြန်ချက်ဟု ခေါင်းစဉ်တပ်ကာ ဇွန်လ ၂၁ရက်က ထုတ်ပြန်ခဲ့သည့်အပေါ် ဆရာတော်၏တပည့်များ ထုတ်ပြန်ချက်ဟုတ်၊မဟုတ် လူမှု ကွန်ရက်ပေါ်၌ အချို့က အငြင်းပွားနေခဲ့ရာ ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဒီထုတ်ပြန်ချက်က မှန်ကန်သော ထုတ်ပြန်ချက်ပါ။ဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့ ယူကျုံးမရဖြစ်နေရတယ်။သာသနာတော်မှာ နိုင်ငံတော်မှာ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ဒီလိုဆရာတော်ကြီးကိုတောင်မှပဲ လက်လွတ်စပယ်ပစ်သတ်ပြီး အမှားကို ဝန်မခံဘဲ PDF ကို လွှဲချတယ်။ဒီလို သတင်းအမှားတွေကိုလုပ်တယ်ဆိုတာက သံဃာထုတစ်ရပ်လုံးကို ထပ်ပြီးစော်ကား လိုက်ခြင်းဖြစ်တယ်။ ပြီးတော့ ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်တာဖြစ်တယ်။ဒါကလည်း ခေတ် အဆက်ဆက် သူတို့လုပ်နေကြတာပဲ။ဒီကိစ္စကတော့ အထင်ရှားဆုံးဖြစ်တာပေါ့။ဆရာတော်ကြီးက ကျမ်းစာတွေ၊စာအုပ်တွေ ရေးသားပြုစုနေတဲ့ ဆရာတော်ကြီးလည်းဖြစ်တယ်။ဒါကြောင့် ဆရာတော်ကြီးရဲ့ တပည့်သာဝက သံဃာတော်တွေက ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်” ဟု ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ကMPAသို့ ဆိုသည်။
စစ်အာဏာရှင်တို့၏ အကြမ်းဖက်သတ်ဖြတ်မှုများသည် ရဟန်းရှင်လူ၊ပြည်သူမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ မည်သူ့အပေါ်မဆို အချိန်မရွေး ကျရောက်လာနေပြီဆိုသည်ကို ဆ ရာတော်ဘုရားကြီးမှ ခန္ဓာဝန်ကိုစွန့်၍ တပည့်သံဃာအပေါင်းအား သိမြင်စေခဲ့ပါသည်ဟု ထုတ်ပြန် ချက် ၌ ဖော်ပြထားသည်။
“ဒီကြေညာချက်က အစစ်အမှန်ပါ။ဆရာတော်ကြီးရဲ့ တပည့်သံဃာတော်တွေဆီက စာမူကြမ်းကို ရလို့ ဦးဇင်းကိုယ်တိုင် တံဆိပ်တုံးတွေလုပ်ပြီးတော့မှ ဓမ္မနှင့်ငြိမ်းချမ်းရေး လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ။ဒါကြောင့်မို့ ဒီကြေညာချက်သည် အစစ်အမှန်လားဆိုရင် ဦးဇင်းကိုယ်တိုင် သက်သေပါ” ဟုအရှင်တေဇာနန္ဒ (တန့်ဆည်) ကလည်း မိန့်ကြားသည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များအနေဖြင့် စစ်အာဏာရှင်တို့ကြောင့် တစ်နေ့တခြားယုတ်လျော့ကျဆင်း လာနေသော သာသနာတော်ကို ပြန်လည်တည့်မတ်စေရန်နှင့် စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော ပြည်သူများအပေါ် မေတ္တာရှေ့ထားတော်မူပြီး ဆောင်ရွက်ဖွယ်ရာ ပရိကံဆောင် ခြင်းအမျိုးမျိုးကို ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။
ဝင်းနိမ္မိတာရုံဆရာတော်သည် PDF တို့၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်ခဲ့ပြီးနောက် အပစ်ခံရသည့်အထဲတွင် ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူကြောင်း မိန့်ကြားခဲ့သည်။
ကန်သုံးဆင့်ဆရာတော် မိန့်ကြားပြီးမှသာ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် လိုက်ပါလာသည့် ကားကို စစ်တပ်ကပစ်ခတ်ကြောင်း စစ်ကောင်စီက ဝန်ခံခဲ့ပြီး အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဆိုသည်။