Zwe Ko/MPA
စစ်ကောင်စီလက်အောက်ခံ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၂၀၂၄ခုနှစ်၊ ဇွန်လမှ စတင်ကာ မိုးစပါးချေးငွေအတွက် တောင်သူများကို ထုတ်ချေးရာ၌ စပါးခင်များ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးသွားသည့်အခါ လျော်ကြေးပေးရန်အတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် လယ် တစ်ဧကလျှင် ကျပ် သုံးထောင် တောင်းခံနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ အာမခံကြေးမပေးဆောင်သည့် လယ်သမားများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရေးဘဏ်က မိုးစပါးချေးငွေ ထုတ်မပေးကြောင်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တစ်ခါမှ မကြားဖူးဘူး။ ဘဏ်က မထုတ်ရသေးဘူး သူတို့ကို အရင် တစ်ဧက သုံးထောင်၊ ဆယ်ဧကဆို သုံးသောင်းပေးနေရတယ်။ ကိုယ့်လယ် မပျက်စီးလို့ အဲ့ဒီငွေ ပြန်ရမှာလားဆိုတော့ လည်း ပြန်မရဘူး။ ပျက်စီးသွားတဲ့ သူတွေကို လျော်ပေးရမှာတဲ့ အပြင်မှာ အတိုးကြီးလို့ ဘဏ်ကချေးပါတယ်ဆိုမှ ဘဏ်တိုးက ဟိုဟာပေးရ ဒီဟာပေးရနဲ့ ဘာမှ မကျန်တော့ဘူး” ဟု ၎င်းက ပြောသည်။
ယင်း အာမခံကြေးအား ဘဏ်စာရင်းမသွင်းရသေးသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ကျပ်ငွေ သုံးထောင်သွင်းရခြင်းဖြစ်ပြီး ဘဏ်စာရင်းသွင်းထားသူများသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရေးဘဏ်များ၌ ကျပ်ငွေသုံးထောင်ပေးရခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့မှ တောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
“ အဲ့ဒီ တစ်ဧက သုံးထောင်တင်မကဘူး။ ဘဏ်စာရင်းသွင်းဖို့တဲ့ ဘဏ်စာအုပ်တစ်အုပ် ငါးထောင်တောင်းသေးတယ်။ တစ်ချို့ရွာတွေဆို ခုနှစ်ထောင် ရှစ်ထောင်တောင်းတယ်။ သူတို့(အုပ်ချုပ်ရေးမှူး) တောင်းတိုင်းပေးနေရတာ” ဟု ၎င်းက ဆိုသည်။
NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် အထက်မှ ညွှန်ကြားမှုမရှိဘဲ တောင်သူများထံမှ ငွေကြေးကောက်ခံမှုများရှိပါက ပြည်သူများက တိုင်ကြားခြင်းနှင့် ဆန္ဒပြမှုများပြုလုပ်၍ ရသော်လည်း စစ်ကောင်စီလက်ထက်တွင် ပြည်သူများက ပြန်လည် မေးမြန်းခွင့်ပင် မရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ တောင်သူများထံမှ အာမခံကြေး တောင်းခံရခြင်းသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရေးဘဏ်က ညွှန်ကြားသည့်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နယ်၊ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ လယ်သမားတွေကို သေချာရှင်းပြဖို့ ဘဏ်မန်နေဂျာက ပြောထားတယ်။ ကျတော်တို့က ကြားထဲက တမင်တောင်းယူတယ်ထင်မှာ စိုးလို့ပါ၊ စစ်မှုထမ်းတွေ ထောက်ပံ့ဖို့ ပိုက်ဆံလိုက်ကောက်နေတာကို နဂိုထဲကမှ အမြင်မကြည်ရတဲ့အထဲ မိုးစပါးချေးငွေနဲ့ ပတ်သက်ပြီးတော့ အာမခံကြေးပါ ထပ်ကောက်ခိုင်းနေတာ၊ မလုပ်ချင်တော့ဘူး ထွက်မယ်ဆိုလည်း ထွက်မရဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုများသည် အဆမတန်စျေးမြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ်များ မြင့်တက်ခဲ့သော်လည်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရေးဘဏ်မှ ထုတ်ချေးသည့် ချေးငွေသည် ယခင်အတိုင်းသာ ဖြစ်ကြောင်း မင်းလှမြို့မှ အသက် ၅၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။
“ အရင်က (အာဏာမသိမ်းမီ) လယ်တစ်ဧက စိုက်ပျိုးစရိတ်ထန်ကုန် သုံးသိန်းလောက်ပဲ၊ အခုက အနည်းဆုံး ခုနှစ်သိန်းကနေ ရှစ်သိန်းရှိတယ်။ မြေဆီစျေးတွေ၊ စက်မောင်းခတွေ၊ လုပ်အားခတွေ အကုန်စျေးတက်ကုန်တာ၊ အဲ့ဒါကို အရင်က ချေးပေးတဲ့နှုန်း တစ်ဧက တစ်သိန်းခွဲနဲ့ ဘာလုပ်လို့ရမှာတုန်း၊ ဒီကြားထဲမှာ ဟိုဟာနှုတ် ဒီဟာနှုတ်နဲ့၊ သူတို့ ထုတ်ချေးတဲ့ငွေက မလောက်တော့ အခြားမှာ အတိုးကြီးကြီးနဲ့ ရှာရတောပေါ့၊ အခုခေတ်ကုန်စျေးနှုန်းနဲ့က တစ်ဧက ငါးသိန်းလောက်ချေးပေးမှ အဆင်ပြေမှာ” ဟု အထက်ပါ တောင်သူက ဆိုသည်။
စစ်ကောင်စီ အာဏာမသိမ်းမီ၊ ယခင်အစိုးရလက်ထက်(NLD)က ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် မဆပ်သည့် တောင်သူများကို စစ်ကောင်စီက အမှုဖွင့်ကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သာယာ၀တီမြို့နယ်မှ စိုက်ပျိုးစရိတ်ချေးငွေ မကျေသေးသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်တာတွေလုပ်တယ်။ မဆပ်ရင် အရေးယူမယ်။ အမှုဖွင့်မယ်လို့ပြောနေတာ၊ မဆပ်ချင်လို့မှ မဟုတ်တာ၊ ဆပ်စရာမရှိလို့ မဆပ်တာ၊ အပြင်မှာ အတိုးယူဆပ်ရင်လည်း အနည်းဆုံး ခြောက်ကျပ်တိုးလောက်ပေးရ တယ်။ ဒါတောင်လူတိုင်းမပေးဘူး။ အဲ့ဒါကို အတင်းဆပ်ခိုင်းနေတာ” ဟု ၎င်းက ရှင်းပြသည်။
၂၀၂၃ခုနှစ် မိုးစပါးရာသီ၌ ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စပါးခင်များ ရေကြီးနစ်မြှုပ်ခဲ့က လယ်ဧက များစွာပျက်စီးခဲ့သော်လည်း စစ်ကောင်စီက ထိရောက်သော အကူအညီများ မရရှိခဲ့သည့်အတွက် တောင်သူများ အရှုံးပေါ်ခဲ့ရသည်။
တောင်သူအများစုသည် ချေးငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို လည်ပတ်နေရသည်ဖြစ်ကာ သဘာ၀ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်များရှိသော်လည်း စစ်ကောင်စီသည် ချေးငွေကို မရမက ပြန်လည်တောင်းဆိုမှုများကြောင့် တောင်သူများ အခက်ကြုံတွေ့နေရကြောင်းလည်း သိရသည်။