By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှစ်စီးကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖ က သတင်းထုတ်ပြန် သည်။
ဇွန်လ ၂၁ရက်၊ နံနက် ခြောက်နာရီခန့်က ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော နှစ်စီးကို ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားနား၌ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ဆင်ဖြူရှင် တံတားအကျော်လောက်မှာ စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ ဘယ်ကလာတာလဲတော့ အတိအကျမသိရဘူး။ ရေထဲဆိုတော့ လက်နက်ကြီးနဲ့ တိုက်ခိုက်လို့မရဘူးပေါ့နော်။ မီတာ ၂၀၀လောက်ကနေ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်တာ” ဟု ရေစကြိုမြို့နယ်ပကဖ၊သတင်း ပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် သင်္ဘောပျက်စီးမှု ကြီးကြီးမားမားမရှိသလို သင်္ဘောပေါ်ဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးကြောင်း ၎င်းကပြောသည်။
ယင်းစစ်သင်္ဘောနှစ်စီးသည် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ အထက်သို့ဆန်တက်သွား ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


