By Nway / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချစခန်းကို ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးခြောက်လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ / ရေဦး PDF က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်လ ၂၁ ရက်) နံနက် ကိုးနာရီခွဲကျော်တွင် ရေဦးမြို့ မြောက်ဘက်ဂိတ် စစ်ကောင်စီအထိုင်ချစခန်းကို Fixed Wing Drone များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“ စစ်ကောင်စီစခန်းမှာ အင်အားက အမြဲ အပြောင်းအလဲရှိတယ်။ လောလောဆယ်တော့ အင်အား ၂၀ကျော် ရှိတယ်လို့ သိရတယ်။ ဒရုန်း သုံးစီးနဲ့ ဗုံးသီး ခြောက်လုံး ချခဲ့တာပါ “ ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ / ရေဦး PDF၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြတ်ထင်က MPA သို့ ပြောသည်။
ဗုံးကြဲတိုက်ခိုက်နေစဉ် စစ်သားများက လက်နက်ငယ်များဖြင့် ဘန်ကာထဲမှ ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ၊ စစ်သားများ ထိခိုက်မှုအခြေအနေကိုမူ အတည်ပြုရန် ခဲယဉ်းနေကြောင်း ၎င်းကဆိုသည်။
“ ဒရုန်းနဲ့ချတုန်းကတော့ လက်နက်ငယ်တွေနဲ့ မိုးပေါ်က ဒရုန်းတွေကို လိုက်ပစ်တာမျိုးရှိပေမဲ့ ဘန်ကာထဲကနေ လှမ်းပစ်တာမျိုးပါ။ အပြင်ထွက်မလာရဲကြဘူး။ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်မှုက လောလောဆယ် ရေဦးမြို့ပေါ်မှာကို ပြည်သူတွေ သိပ်မရှိကြတော့တဲ့အတွက် သေချာသိရဖို့ ခက်နေတယ်” ဟု ရဲဘော်မြတ်ထင်ကပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်သားများက ရေဦးမြို့ မြောက်ဘက်ဂိတ်အနီးတစ်ဝိုက်ကို လမ်းပိတ်ကာ စစ်ဆေးမှုများ တင်းကျပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်တပ်ရင်း ၁၄ / ရေဦး PDF သည် ရေဦးမြို့ပေါ်တွင် စစ်သားများ အင်အားနည်းပါးသွားစေရန် ရည်ရွယ်ချက်ဖြင့် မြို့ပေါ်အထိုင်စခန်းများကို မကြာခဏဆိုသလို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ယင်းတပ်ရင်းထံက သိရသည်။