နတ်မြစ်ကြောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ နယ်စပ်ကျော်လွန် ပစ်ခတ်မှုများကို မရပ်တန့်ပါက တန်ပြန်ပစ်ခတ်တော့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ဇွန် ၂၀ရက်တွင် သတိပေး ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြားရှိ နတ်မြစ်တစ်လျှောက် သေနတ်ပစ်ခတ်မှုများသည် ဇွန်လခုနှစ် ရက်မှစပြီး တစ်ပတ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ ရံဖန်ရံခါ မှားယွင်းပစ်ခတ်ခြင်းခံနေရချိန်၌ ယခုလို သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ်ဘက်ကို မပစ်ခတ်ဖို့ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်ကို အကြောင်းကြားထားပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကျနော်တို့ ပြန်ပစ်သွားမယ်။ သူတို့ဘက်ကတော့ ဘင်္ဂလားဒေ့ရှ် အလံလွှင့်ထားရင် ပစ်မှာ မဟုတ်ဘူးလို့ ပြောတယ်” ဟု ဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခများ ကြီးထွားကျယ်ပြန့်လာသောကြောင့် နတ်မြစ်ကြောင်းတစ်လျှောက် ခရီးသည်နှင့် ကုန်စည်ကူးသန်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး ကော့ဘဇားခရိုင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ စိန့်မာတင်ကျွန်းတို့ကြား ဆက်သွယ်ရေး ဖြတ်တောက်ထားရသောကြောင့် ကျွန်းပေါ်၌ စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်လာကြောင်းသိရသည်။
စိန့်မာတင်ကျွန်းသည် ဧရိယာ သုံးစတုရန်းကီလိုမီတာ (၁ဒဿမ ၁၅ မိုင်) ကျယ်ဝန်းပြီး လူဦးရေ ၁၁,၀၀၀ ခန့် နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ တစ်ခုတည်းသော သန္တာကျောက်တန်းကျွန်းဖြစ်ကာ ၎င်း၏ သဘာဝအလှတရားများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထိပ်တန်းခရီးသွားနေရာများထဲမှ တစ်ခု ဖြစ်သည်။