By Garcia Ni / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ သာလင်းရွာအနီးတွင် စစ်ကောင်စီတပ် အကြွင်းအကျန် ၄၀(မမ) ဗုံးသီးပေါက်ကွဲခဲ့သောကြောင့် ကလေးတစ်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်၂၁ရက်)နံနက်ကိုးနာရီခန့်တွင် ကလေးသုံးဦး နွားကျောင်းသွားစဥ် ၄၀(မမ)ဗုံးသီးတွေ့ရှိ၍ ဆော့ကစားရာမှ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း သာလင်းရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့မနက်နွားကျောင်းသွားရင်း ဗုံးသီးတွေ့လို့ဆော့ရင်းနဲ့ အောက်ကျပြီးကွဲသွားတာလို့ပြောတယ်ဗျ။ ကလေးတစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားလို့ သင်္ဂြိုဟ်လိုက်ပြီ။ ကျန်တဲ့ကလေးတွေကတော့ ဆေးရုံပို့ထားတယ်ဗျ” ဟု ၎င်းက MPAသို့ ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသွားသည့်ကလေးမှာ အသက် ၁၁နှစ် ရှိပြီဖြစ်ပြီးဒဏ်ရာရကလေးနှစ်ဦး မှာ အသက်၁၁နှစ်နှင့် ၁၄နှစ်အရွယ်တို့ဖြစ်ကာ ကလေးတစ်ဦးမှာစိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
သာလင်းရွာသည် တောင်ခင်ရန်းရွာ၏ အရှေ့တောင်ဘက် နှစ်ဖာလုံခန့်တွင်တည်ရှိပြီး ယခင်က စစ်ကောင်စီတပ်သည် တောင်ခင်ရန်းရွာရဲစခန်း၌ တပ်စွဲခဲ့ဖူးသည်။
“အရင်က တောင်ခင်ရန်းရဲစခန်းကနေ ပစ်ထားတဲ့ အခုလိုပဲ၄၀(မမ)ဗုံးသီးတွေရဖူးတယ်” ဟု သာလင်းရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တောင်ခင်ရန်းရွာရဲစခန်းမှ စစ်သားများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာသုံးရက်တွင် မြောက်ခင်ရန်းပျူစောထီးရွာသို့ စခန်းစွန့် ဆုတ်ခွာသွားခဲ့သည်။