အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်များသို့ မြန်မာနိုင်ငံသား အများအပြားဝင်ရောက်လာပြီး မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများ ဖြစ်လာခြင်းမှာ စိုးရိမ်စရာဖြစ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံတမန် Kshitij Tyagi က ပြောသည်။
၅၆ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေး ပထမနေ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဖက်ဒရယ်စနစ်တို့ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ ပြည်သူဗဟိုပြုစီမံကိန်းတွေ၊ ဒီမိုကရေစီစနစ်နဲ့ ကျင့်ထုံးတွေအပေါ် စွမ်းဆောင်ရည် တည်ဆောက်ခြင်းတွေမှာ ကျနော်တို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
အာဆီယံဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများနှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံပြီး အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီဆီ ဦးတည်သည့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကိုအခိုင်အမာ ထောက်ခံရပ်တည်နေကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။
Kshitij က အိန္ဒိယသည် အားလုံးပါဝင်နိုင်သော ဒီမိုကရေစီဆီသို့ တက်လှမ်းနေသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားထားသည်။