By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကလေးတစ်ဦး ဗုံးဆော့ကစားရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး ကလေးသုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်၂၀ရက်) နေ့ခင်း ၁၂နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက်ခုနှစ်အတွင်း အသက် ၁၄နှစ်အရွယ် ကလေးတစ်ဦး ဗုံးတစ်လုံးကို ဆော့ကစား ထုချလိုက်ရာ ပေါက်ကွဲခဲ့ပြီး အနီးရှိ ကျောင်းမှပြန်လာသောကလေးနှစ်ဦးလည်း ထိခိုက်မိခြင်းဖြစ်ကြောင်း လားရှိုးမြို့နေ မျက်မြင် အမျိုးသားတစ်ဦးကပြောသည်။
“ကလေး နှစ်ယောက်တော့ အသက်စိုးရိမ်ရတယ်။ အဲ ကချင်ကလေးလည်း လက်တစ်ဖက်ပြတ်ထွက်သွားတယ်။ ကလေးက ဗုံးယူဆော့တာ နှစ်ရက်လောက်ရှိပြီတဲ့။ မပေါက်ကွဲဘူး။ ဒီနေ့မှာ လက်နဲ့ ကောက်ထုလိုက်တော့ ပေါက်ကွဲသွားတာ။ ဘယ်ကနေ ယူလာသလဲ မသိဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းကလေးသုံးဦးစလုံးမှာ အသက်၁၄နှစ်အောက်များဖြစ်ပြီး လားရှိုးမြို့ ကမ်းလင်းလက်လူမှုကူညီရေးအသင်းက လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဗုံးဆော့သည့်ကလေးမှာ ၁၀၂၇စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မှ လားရှိုးမြို့သို့ မိဘများနှင့်အတူ လာရောက် တိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။