By Ra Wai / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းမှ ကြဲချသည့် ဗုံးပေါက်ကွဲမှု ပြင်းအားကြောင့် အမျိုးသားတစ်ဦး အကြောသေသွားကြောင်း သိရသည်။
ယနေ့(ဇွန်လ ၂၀ရက်) နံနက် ရှစ်နာရီခွဲခန့်တွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း အင်းတိမ်ရွာအနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး နှစ်လုံးကြဲချခဲ့ရာ ဆိတ်ကျောင်းနေသည့် တငုတ်ပြင်ရွာသားတစ်ဦး ဗုံးကွဲသည့် ပြင်းအားကြောင့် အကြောသေသွားကြောင်း ပေါက်မြို့နယ်အရှေ့မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ လေယာဉ်ပစ်သွားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဆိတ်ကျောင်းနေတာ။ ဝမ်းလျားတော့ မှောက်တယ်။ ဝမ်းလျားမှောက်ပေမဲ့ ကွဲအားကြောင့် အာရုံကြောထိပြီး ခြေထောက်တွေ၊ လက်တွေ မလှုပ်နိုင်တဲ့ အနေအထားရှိတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းအမျိုးသားကို ဆေးရုံတစ်ရုံသို့ပို့ဆောင်ထားပြီး ဆေးကုသမှု ပေးလျက်ရှိရာ အခြား ပြင်ပဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင် ကုက္ကိုလ်စုပျူရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်က ထိခိုက်မှုရှိသဖြင့် လေကြောင်းပစ်ခတ်မှုပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။