By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ ရဲဘော်နှစ်ဦး ကျဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ (ဇွန်၁၉ရက်) နံနက်၁၁နာရီ၂၅မိနစ်နှင့် ၁၁နာရီ၃၃မိနစ်တို့တွင် စစ်ကောင်စီတပ်စွဲထား သည့် ရွှေညောင်ပင်ရွာမှ TNLAတပ်ရှိရာ ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
“အခုဖုန်းေပြာတဲ့အချိန်လည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်လာတယ်။ တစ်ဖက်သတ်ပစ်လာတယ်။ TNLA ဘက်ကတော့ တုံ့ပြန်မှုမရှိသေးဘူး။ အထိအခိုက်တော့ အသေးအစိတ်မပြောနိုင်သေးဘူး။ လက်နက်ကြီး ဆက်တိုက်ကိုပစ်လာနေတယ်၊အခု” ဟု နောင်ချိုမြို့နယ်အတွင်းရှိ TNLAတပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ယနေ့ည ခုနှစ်နာရီ ၄၂မိနစ်ခန့်တွင် ပြောသည်။
အလားတူ ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်တွင်လည်း မိုးကုတ်မြိုနယ်၊ တောင်နီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရကာ လူနေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တပ်တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် PSLF/TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအားဖြတ်တောက်ခြင်းနှင့် ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း TNLAကဆိုသည်။


