By Ra Wai / MPA
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် မန္တလေးမြို့၊တံတားဦးလေဆိပ်အနီးတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။
ယနေ့ (ဇွန်၁၉ရက်) နံနက် ၁၀နာရီခန့်တွင် တံတားဦးလေဆိပ်မှ မန္တလေးမြို့တွင်းသို့ အိမ်စီးကား ဖြင့် ကြွလာသော ဆရာတော်ကို တံတားဦးလေဆိပ်အထွက်၌ စစ်တပ်ဂိတ်မှစစ်သားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ်မှာပင် ဆရာတော်ပျံလွန်ခဲ့ကြောင်း မန္တလေးမြို့တာဝန်ကျ ရဲအရာရှိတစ်ဦးထံက သိရသည်။
“ဂိတ်ကကောင်တွေက ကားကိုတားတာ မရပ်ပေးလို့ ပစ်ထည့်လိုက်တာ ဆရာတော် ကားပေါ်မှာပဲ ပျံလွန်တယ်လို့ သိရတယ်။ကားပေါ်ပါလာတဲ့ နောက်ထပ် ဘုန်းကြီးတစ်ပါးရော ယာဉ်မောင်းရော ဒဏ်ရာရတယ်။ကားက အိမ်စီးကား” ဟု ၎င်းက MPAသို့ပြောသည်။
ဆရာတော်သည် မန္တလေးမြို့တွင် ကျင်းပမည့် သံဃာ့အစည်းအဝေးတက်ရန် တံတားဦးလေဆိပ် သို့ လေယာဉ်ဖြင့် ကြွလာခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်၏ ရုပ်ကလာပ်ကို ယနေ့ညနေတွင် ပဲခူးမြို့သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။
ဒဏ်ရာရသည့်ဆရာတော်နှင့် ယာဉ်မောင်းမှာ ဆေးကုသမှုခံယူနေပြီး မစိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။