By Sayar Ngaat / MPA
ထိုင်းမြန်မာနယ်စပ်ရှိ၊ မဲဆောက်မြို့တွင် ထိုင်းရဲနှင့်စစ်တပ်တို့ပူးပေါင်းကာ တော်လှန်ရေး ထောက်ပို့ ရုံးခန်းများအထိ ဝင်ရောက် သိမ်းဆည်းမှုများ ပြုလုပ်နေသောကြောင့် တော်လှန်ရေးအင်အားစုများ စိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။
“ မြန်မာတွေအတွက် ပိုပြီး စိန်ခေါ်မှု များလာပြီ၊ တစ်ဘက်က စစ်ကောင်စီရဲ့ သတင်းပေးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတော်လှန်ရေးကာလမှာ အများအတွက် ဆောင်ရွက်နေရပေမယ့် ကျမတို့တွေအတွက်တော့ လုံခြုံမှု မရှိပါဘူး” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေယွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုငိငံရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချခြင်းများကြောင့် တော်လှန်အင်အားစုများမှ အဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့သို့ အများအပြား ထွက်ပြေး ခိုလှုံလာခဲ့ကြရသည်။
ထို့ပြင် စစ်တပ်က ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟုဆိုကာ စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက် သောကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်များသည် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာပြီး ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးမှုများ နေ့တိုင်း ရှိနေကြောင်း Myanmar Humanitarian Action Center မှ တာဝန်ခံ ကိုရဲမင်းက MPAသို့ ပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်မှုများပြားလာကြောင်းနှင့် ထိုင်းအစိုးရမှ တရားမဝင်လမ်းကြောင်းများကို ထိန်းချုပ်ကန့်သတ်လိုသောကြောင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်က မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းအား ထိုင်းရဲနှင့်စစ်တပ်မှ ဝင်ရောက်ကာ တရားဝင်နေထိုင်သည့် ထောက်ပို့တာဝန်ခံမြန်မာတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းများလည်းရှိခဲ့သည်။
ထောက်ပို့တာဝန်ခံများသည် တရားဝင်အထောက်အထားများ ပြုလုပ်ထားသော်လည်း၊ ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးစဉ် လက်နက်ခဲယမ်း တစ်စုံတစ်ရာမတွေ့ရှိခဲ့ကြောင်းနှင့် ရုံးခန်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့် ဓာတ်ပုံနှင့် PDF အလံတော်များကို သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
“ အကုန်လုံးက အထောက်အထားအပြည့်အစုံရှိတယ်။ အဲ့ဒါကို ထောက်ပို့တာဝန်ခံကို နောက်ကနေကန်သွားတယ်။တကယ်လို့များ ကန်လို့ ခုံပေါ်ပြုတ်ကျပြီး သေသွားရင် ဘယ်လိုတာဝန်ယူမလဲပေါ့၊ ပြီးတော့ ကျတော်တို့ရိုက်ထားတဲ့ မှတ်တမ်းတွေကိုလည်း ဖျက်သွားတယ်။ ဓာတ်ပုံတွေနဲ့ အလံတွေပါသိမ်းသွားတယ်။ ထိုင်းစစ်တပ်၊ တောမော(ထိုင်းလဝက)နဲ့ ရဲတွေလာစစ်တာပါ” ဟု နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင် (ပဲခူး) က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန် ငါးရက်မှစတင်ကာ မဲဆောက် အထူးစစ်ဆင်ရေးဟုဆိုကာ ထိုင်းအာဏာပိုင်များမှ မဲဆောက်မြို့အတွင်းရှိ မြန်မာအများစုနေသည့် ရပ်ကွက်များအတွင်းသို့ စစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။
ထို့ပြင် ဇွန် ၁၉ရက် တွင်လည်း ယင်းစစ်ဆင်ရေးအကြောင်းပြကာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ တောမောများ မဲဆောက်မြို့ကို ရောက်ရှိနေပြီး ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည့်အတွက် မြန်မာနိုင်ငံမှ နိုင်ငံရေးကိစ္စများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ စိုးရိမ်လျက်ရှိသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်သူများ ပပျောက်စေရန်ဟုဆိုကာ တရားမဝင်အလုပ်သမားပပျောက်ရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် ၂၀၂၄ခုနှစ်၊ ဇွန် ငါးရက်မှစတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စတင်ခဲ့သည့်နေ့မှ တစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၀၁၁၁ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ခဲ့သေးသည်။







