By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ပြည်သူအယောင်ဆောင်ကာ မိုင်းရှင်းနေသည့် စစ်သားနှင့်ပျူစောထီးတို့ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း Area 71 People’s Defense Force က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်၁၉) နံနက် ရှစ်နာရီကျော်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပြည်သူဟန်ဆောင်ပြီး မိုင်းရှင်းလင်းနေသည့် စစ်သားနှင့်ပျူစောထီးတို့ မိုင်းပွိုင့်ပေါ် တည့်တည့် ရောက်ရှိလာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Area 71 People’s Defense Force ထံက သိရသည်။
“မိုင်းပွိုင့်ပေါ်ကွက်တိကျတာနဲ့မိုင်းဆွဲတာ သုံးယောက်သေတယ်။ကင်းပုန်းတွေက မနားတမ်း ပစ်တာနဲ့ သေတဲ့သူတွေကို ပြန်သယ်၊မသယ် မကြည့်နိုင်ခဲ့ဘူး။မိုင်းရှင်းတာက တစ်ဖွဲ့၊ကင်းပုန်း တွေက သီးသန့်ရှိတာ” Area 71 People’s Defense Force တာဝန်ခံ ကိုထွန်းက MPAသို့ ပြောသည်။
ကင်းပုန်းစစ်သားတို့က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီတပ်ကို မုံရွာ-မန္တလေးလမ်းပေါ် စိုးမိုးမှုမရှိစေရဘူး။ကျတော်တို့ မရှိ၊ ရှိတာ ရောင်းချပြီးတော့ ဒီကောင်တွေကို ကျနော်တို့ တိုက်ထုတ်သွားမှာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီတပ်က ခရီးသွားကားများကို တားကာ အမျိုးသားများအား မိုင်းရှင်းလင်းခိုင်းနေကြောင်းသိရသည်။
စစ်သားနှင့်ပျူစောထီးတို့ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။