By Sayar Ngaat / MPA
ကမ္ဘာ့ရှားပါးစာရင်းဝင် ကြောင်မျိုးစိတ်တစ်မျိုးဖြစ်သည့် ကြောင်တံငါမျိုးစိတ်သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် လုပ်ဆောင်နေသူများထံမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရှားပါးစာရင်းဝင် ကြောင်တံငါအား ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုတွင် ၂၀၂၄ခုနှစ်၊ ဇွန် ၁၅ရက်တွင် ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့-KTCG က မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကြောင်တံငါမျိုးစိတ်သည် မြန်မာနိုင်ငံ၌ ယခင်ကတည်းက ရှိနေသော်လည်း အကောင်အရေအတွက်အား စာရင်းကောက်ယူထားခြင်းမရှိသောကြောင့် အရေအတွက် အတိအကျ မသိရှိရသေးကြောင်း Native Species Conversations & Identification အဖွဲ့မှ ကိုဝင်းပိုင်ဦးက ပြောသည်။
” ဟိုးအရင်တုန်းကလိုမျိုး ကြောင်တံငါတွေရဲ့အရေအတွက်စာရင်း အတိအကျ တွက်ထားတာမျိုးတွေ မရှိတော့ဘူး။ ဟိုလူက နည်းနည်းမြင် ဒီလူက နည်းနည်းမြင်တော့ ရှိတယ်။ အရေအတွက်စာရင်း အတိအကျတော့ မထွက်သေးဘူး၊ လူတွေက ကြောင်တံငါတွေကို မြန်မာနိုင်ငံမှာ မရှိဘူးလို့ ထင်ကြတယ်။ ဧရာဝတီဘက်က ထိန်းသိမ်းရေးအဖွဲ့တွေ ဆီကနေ ပုံတွေရလာတော့ အခုမှ ရှိတယ် ထင်ကြတာပေါ့၊ တကယ်တော့ မဟုတ်ပါဘူး၊ အရင်ကတည်းက ကြောင်တံငါတွေက ဧရာဝတီတိုင်းမှာလည်း ရှိတယ်။ မြန်မာနိုင်ငံတချို့ နေရာတွေမှာလည်း ရှိတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ရှားပါးလာပြီး မှတ်တမ်းတွေ မရတော့တာပါ ” ကိုဝင်းပိုင်ဦးက ပြောသည်။
ယခင်က ကြောင်တံငါမျိုးစိတ်ကို တနင်္သာရီတိုင်းတွင် တွေ့ရှိရပြီး ယခုလက်ရှိတွင် မှတ်တမ်းများ မရရှိတော့သည့်အတွက် မသိရှိရတော့ကြောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင်သာ တွေ့ရှိရတော့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကျုံကပြင်- တက်ဆိပ် ထိန်းသိမ်းရေးဧရိယာအတွင်းတွင် ကင်မရာများ တပ်ဆင်ကာ သုတေသနပြုလုပ်ရာ၌ ကြောင်တံငါ မျိုးစိတ်ကို အတည်ပြု မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းထိန်းသိမ်းရေးဧရိယာသည် အစာရေစာလုံလောက်စွာ ရှာဖွေနိုင်ခြင်းနှင့် နေထိုင်ကျက်စားနိုင်သည့် နေရင်းဒေသများ ကျန်ရှိခြင်းများကြောင့် ကြောင်တံငါများ နေထိုင်ကျက်စားနိုင်ရန် ကောင်းမွန်သည့် နေရာတစ်ခုအဖြစ် တည်ရှိနေကြောင်း ကျုံကပြင်-တက်ဆိပ် သားငှက်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကြောင်မျိုးရင်းဝင်များအနက် ငါးများကိုသာအဓိက ဖမ်းစားသည့် ကြောင်တံငါမျိုးစိတ်မှာ နည်းပါးသည့်အတွက် ကြောင်တံငါများကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနှင့် ကြောင်တံငါများကို ထိန်းသိမ်းမှသာလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဟေဂစနစ်ကောင်းမွန်စွာ လည်ပတ်နိုင်မည်ဖြစ်သည်။
” ရှိနေတဲ့ ကြောင်တံငါတွေကို ဖမ်းပြီး သေချာလေး မျိုးဆက်ပြန့်ပွားဖို့ လုပ်သင့်တယ်၊မြန်မာနိုင်ငံမှာတော့ အဲဒီလိုမျိုးလုပ်တာတွေ မရှိသေးဘူး၊ ရှိနေတဲ့အကောင်တွေထဲက အထီးနဲ့အမ ၃စုံ၊၄ စုံလောက်ကို ဖမ်း၊ ထိန်းသိမ်းရေးစခန်းဆောက်၊ပြီးရင် မျိုးဆက်ပြန့်ပွားအောင် သားဖောက်မယ်၊ အဲဒါတွေကို ပြီးရင် ဘေးမဲ့တောတွေကို ပြန်လွှတ်မယ်၊ အဲဒီလိုမျိုးအရေအတွက်တွေကို ထိန်းထားသင့်တတယ်၊ အဲဒီလိုမှ မဟုတ်ရင် ဧရာဝတီတိုင်းအတွင်းမှာလည်း တောတွေက ပြုန်းနေပြီဆိုတော့ ကြောင်တံငါတွေလည်း မကြာခင်မှာ မျိုးတုံးသွားနိုင်တယ် ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
ကြောင်တံငါမျိုးစိတ်သည် ကမ္ဘာ့ကြောင်မျိုးစိတ်များထဲတွင် ရှားပါးမျိုးစိတ်တစ်ခုဖြစ်နေပြီး International Union for Conservation of Nature-IUCN စာရင်းတွင် မျိုးသုဉ်းနိုင်ခြေကျရောက်နိုင်သည့် စာရင်း၌ ပါဝင်ပြီး နိုင်ငံအသီးသီးတွင် ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်တစိုက် လုပ်ကိုင်နေလျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ ကြောင်တံငါမျိုးစိတ်ကိုလည်း ထိန်းသိမ်းရေးအတွက် သုတေသနပြုလုပ်မှုများ လိုအပ်နေကာ ၎င်းကို သုတေသနပြုလုပ်မှုများ နည်းပါးနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်သူများထံမှ သိရသည်။
” တိရစ္ဆာန်မျိုးစိတ်တွေ တဖြည်းဖြည်း ရှားပါးလာရတဲ့ အကြောင်းရင်းကတော့ လူတွေရဲ့ အမဲလိုက်မှုတွေ၊ ပြီးတော့ သူတို့နေတဲ့ နေရင်းဒေသတွေမှာ သစ်တောတွေ ပြုန်းတီးကုန်တာတွေ၊ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲ ကုန်တာတွေ၊ နောက်ပြီး ဒီရေတောတွေ မရှိတာတွေ တဖြည်းဖြည်း ရှားပါးလာတာပါ၊ အဓိကကတော့ သူတို့ရဲ့ နေရင်းဒေသတွေ မရှိတော့တာတွေကြောင့်ပေါ့ ” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်သူတစ်ဦးက ပြောသည်။
ကျုံကပြင် – တက်ဆိပ် ထိန်းသိမ်းရေးဧရိယာအတွင်း ရှားပါးဇီဝမျိုးစုံ မျိုးကွဲများဖြစ်သည့် ကြောင်တံငါမျိုးစိတ်အပါအဝင် ကြိုးကြာခေါင်းနီ၊ စာဝါကျား၊ ကိုင်းစွေ့ စသည့် ငှက်မျိုးစိတ်များကိုလည်း တွေ့ရှိရပြီး မြန်မာ့မျိုးရင်း ဆောက်လိပ်၊ စင်းချောလိပ် စသည့် လိပ်မျိုးစိတ်များ၊ စပါးအုံး၊ စပါးကြီး မြွေမျိုးစိတ်များ ၊အခြားကြောင်မျိုးစိတ်များ ကျန်ရှိနေကြောင်း ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ သုတေသနမှတ်တမ်းတွေ ပြုလုပ်ချက်များအရ သိရသည်။