မြန်မာစစ်ကောင်စီသည် VPN များကို ပိတ်ဆို့ခြင်းဖြင့် လွတ်လပ်စွာ သတင်းစီးဆင်းမှုကို နှိမ်နင်းနေကြောင်း AP သတင်းတွင် ယနေ့ (ဇွန်၁၅ရက်) ဖော်ပြထားသည်။
စစ်ကောင်စီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ Facebook၊ Instagram၊ WhatsApp နှင့် VPN ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်း၌ မေလကုန်တွင် ပိတ်ပင်ခဲ့သည်ဟု မြန်မာ့ထိပ်တန်း တယ်လီကွန်းကုမ္ပဏီများဖြစ်သော MPT၊ Ooredoo၊ Atom နှင့် Mytel တို့အပြင် ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု လုပ်ငန်းရှင်များက AP သတင်းဌာနသို့ ဇွန်၁၄ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးပြီးချင်း လပိုင်းမှစပြီး စစ်ကောင်စီသည် အင်တာနက်အသုံးပြုမှုကို တားဆီးပိတ်ပင်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သည်။
စစ်ကောင်စီတပ်သည် မိုဘိုင်းဖုန်းများထဲ၌ VPN အပလီကေးရှင်း ရှိ၊မရှိ လမ်းမများပေါ်စစ်ဆေးခဲ့ပြီး တွေ့ရှိပါက ဒဏ်ငွေဆောင်ရကြောင်း ပြည်တွင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် စစ်ကောင်စီက အင်တာနက် အသုံးပြုခွင့် သို့မဟုတ် ဖုန်းဝန်ဆောင်မှု ဖြတ်တောက်ထားသည့် မြို့နယ်ပေါင်း ၉၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ ‘Athan’ က ပြီးခဲ့သည့်လ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ပိတ်ပင်တားဆီးခြင်း ဖြစ်ပြီး စစ်တပ် ထိန်းချုပ်မှုမှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ရက်ကို ဆက်လက်တည်ဆောက်သွားရန် ကတိပြုသည် ဟု အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။