By Nway / MPA
ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပြည်လုံးကျွတ်ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်း လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အသက်၇၉နှစ်ပြည့်မွေးနေ့ဖြစ်သော လာမည့် ဇွန်လ၁၉ရက်တွင် ပန်းသပိတ်လှုပ်ရှားမှုကြီးကို ပြည်လုံးကျွတ်ဝေဝေဆာဆာ ဆင်နွှဲကြရန် တော်လှန်ရေးအင်အား စုတို့က လှုံ့ဆော်လျက်ရှိသည်။
“ ပြည်သူတွေဘယ်လောက်ညီညွတ်ကြောင်းကိုအတူတကွပြကြမယ်။ပန်းပန်ထားရင်တောင်သေနတ်နဲ့ချိန်တဲ့ စစ်အစိုးရအရှေ့မှာ ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းကိုရွေးချယ်ပြီး ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) ဒုဥက္ကဌ က MPAသို့ ပြောသည်။
ဇွန်လ၁၉ရက်တွင် ပန်းသပိတ်လှုပ်ရှားမှုအဖြစ် နှင်းဆီနီအပါအဝင် အဆင်သင့်ရာ ပန်းများကို ဘုရားပန်းတင်ခြင်း၊ ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်းနှင့် အွန်လိုင်းပေါ် တင်ခြင်းတို့ ဆောင်ရွက်ကြရန်နှင့် မြေပြင်၌လည်း ပန်းသပိတ် လူထုလှုပ်ရှားမှုများကို လုံခြုံရေး အသိ၊ သတိ အပြည့်ဖြင့် ဖော်ဆောင်ကြရန် တိုက်တွန်းထားသည်။
ဇွန် ၁၉ရက် ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမည့်ကာလများတွင်လည်း ပြည်သူလူထုအနေနှင့် တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုများ၌ တက်စုံဖွင့် ရွက်ကုန်လွှင့် ဖော်ဆောင်ကြရန်လည်း တော်လှန်ရေးအင်အားစုတို့က ဆိုသည်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္လာ့အသက်အကြီးဆုံးနိုင်ငံရေးအကျဉ်းသားများအနက် တစ်ဦးဖြစ်ပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာ၏ ဝိသေသ လက္ခဏာမှာ စစ်အာဏာရူးများကို ငုံ့မခံဘဲ တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုတို့က ထုတ်ပြန်ထားသည်။

