By Ko Paing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်တပ်ကို ဒေသခံ PDF တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားခုနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်၊ နံနက် ခုနှစ်နာရီခွဲကျော်တွင် အုတ်ဖိုမြို့နယ်၊ဝိုင်းကျေးရွာရဲစခန်းမှ အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောတပ်ကို ဂမုန်းဆည်အနီးရှိ တာဝါတိုင်ကျေးရွာအနီးအရောက်၌ မိုင်းဆွဲပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမဟာမိတ်တပ်ပေါင်းစုကယနေ့(ဇွန်၁၃ရက်) သတင်းထုတ်ပြန်သည်။
“မိုင်းဆွဲပြီးတော့ အပြန်အလှန် ပစ်တာပေါ့။ဝိုင်းကျေးရွာရဲစခန်းကနေ လက်နက်ကြီး ပစ်ကူပေးတော့ ကျတော်တို့ ပြန်ဆုတ်တော့ စစ်တပ်က တာဝါတိုင်မှာ တပ်စွဲထားတယ်။ ကျနော်တို့ တပ်ပေါင်းစု နောက်ကြောင်း ဆုတ်နေတဲ့အချိန်မှာ သူတို့က ပြန်တပ်စွဲလိုက်တဲ့သဘော။ ဒီနေ့လည်း တိုက်ပွဲ ဖြစ်နေတယ်ဗျ။ လက်ရှိ တာဝါတိုင်ကနေ ဒီဘက်ကို ကျွံလာတာ။ ခု ကျတော်တို့ ဒီဘက်ကနေ တော်တော် တောင့်ခံနေတယ်” ဟု သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲ(၆) Black Dragon GBK-PDF တာဝန်ခံ ရိုးမနဂါးက MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းသည် သေဆုံးစစ်သားများနှင့်ဒဏ်ရာရရှိသူများကို ဝိုင်းကျေးရွာရဲစခန်းသို့ ပြန်လည်သယ်ဆောင်သွားပြီး တာဝိုင်တိုင်ကျေးရွာ၌ တပ်စွဲထားကြောင်းယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲလေး အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ ၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲခြောက် Black Dragon GBK-PDF၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲတစ် Yoma GBK-PDF၊သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲငါး ကြို့ပင်အောက် Hero ပြောက်ကျားတပ်ဖွဲ့နှင့်သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း ရဲဘော်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့နံနက်အစောပိုင်းတွင်လည်း အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမ အတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေရာ သာယာဝတီခရိုင်PDF တပ် များနှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားနေကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။