By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ-နမ္မတူလမ်းမပေါ်တွင် ကားနှင့် ဆိုင်ကယ်တို့ သွား၍မရအောင် စစ်ကောက်စီတပ်က မြောင်းတူးဖျက်ဆီးလိုက်ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်၊ ညနေ ၅ နာရီတွင် သီပေါမြို့နယ်၊ မိုးတေတံတားအကျော် ပန်နေရွာ၌ ကားလမ်းမကို ဘက်ဖိုးကားဖြင့် မြောင်းတူး ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“မူဆယ်သွားခရီးသည် ကားမပြောနဲ့။ နမ္မတူ အနီးနားတစ်ဝိုက်တောင်သွားလို့မရဘူး။ ဒီနေ့ (ဇွန်၁၃ရက်)မနက်ထိ စစ်တပ်က အဲမြေတူးထားတဲ့နေရာမှာ စောင့်နေတုန်းပဲ။ တိုက်ပွဲပြန်ဖြစ်မယ်ဆိုတဲ့ ကောလာဟလကြောင့်လားမသိဘူး” ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လမ်းမကြီးကို မြေတူးစက်ဖြင့် တူးဖော်ဖျက်ဆီးနေချိန်တွင် စစ်ကောင်စီတပ်က လမ်းဖြတ်သွားလာနေသည့် ဒေသခံများကို စစ်ဆေးပြီး နောက်ပြန်လှည့်ခိုင်းကြောင်း သိရသည်။
“ကျွန်တော့်အမြင်တော့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်တဲ့နယ်မြေကို ဘယ်သူမှ သွားလာလို့ မရအောင်တားဆီးချင်တာ။ ဘာြဖစ်လဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဖြစ်ပြီးနောက် အောက်ပြည်ကလာတဲ့ ကုန်ပစ္စည်းတွေကို ပေးမသယ်ဘူး။ ဖမ်းဖူးတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့သို့ ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တားဆီးခြင်းမှာ ဟိုင်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်ပြီးပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်ကြောင်း TNLAက ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကောင်စီတပ်က မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။