By Mg Kaung / MPA
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လမ်းသွား၊ လမ်းလာများ၏ ဖုန်းများကို စစ်ဆေးကာ VPN(Virtual Private Network) ရှိမရှိ စစ်ဆေးကာ ဖျက်ခိုင်းပြီး ငွေတောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇွန် ၁၁ရက်၊ နေ့လယ် ၁၁နာရီခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့၊ တာဆုံမီးပွိုင့်အနီးရှိ လမ်းသွားလမ်းလာများကို ရဲတပ်ဖွဲ့များက VPN အသုံးပြုခြင်းရှိမရှိကို စစ်ဆေးခဲ့ကြောင်း အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ ကျတော်က ကိစ္စရှိလို့ အပြင်ခဏသွားတာ၊ တာဆုံမှာ စစ်နေတာ၊ VPN ရှိရင် ဖျက်ခိုင်းတယ်။ ပြီးတော့ ဒဏ်ကြေးဆိုပြီး ကျပ် ငါးသောင်းကနေ နှစ်သိန်းအထိတောင်းတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဇွန် ၁၁ရက်၊ နေ့လယ်ပိုင်းကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် လမ်းသွား၊ လမ်းလာများ၏ ဖုန်းများ၌ VPN ရှိမရှိ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ သိရသည်။
“ စစ်တပ်နဲ့ နီးစပ်တဲ့ အသိတစ်ယောက်က အသိပေးလာတယ်။ လမ်းသွားရင် VPN ဖျက်ထားဖို့ဆိုပြီးတော့လေ၊ သူတို့အထဲမှာလည်း VPN သုံးရင် ဖမ်းဖို့ဆိုပြီး ညွှန်ကြားထားတယ်။ ဘယ်လိုညွှန်ကြားချက်လည်း ဆိုတာတော့ အသေးစိတ် မပြောဘူး” ဟု အင်းစိန်မြို့နယ်နေ၊ အမျိုးသားတစ်ဦးက ဆိုသည်။
အလားတူ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့နယ်၌လည်း ဇွန် ၁၁ရက်၊ နေ့လယ် ၁၁နာရီ မိနစ် ၃၀ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ပြည်နယ်မြို့အနှံ့တွင် VPN သုံးစွဲမှုများကို စစ်ဆေးကာ ဒဏ်ကြေးဟု အကြောင်းပြချက်ဖြင့် ငွေညှစ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“ စစ်တာကတော့ နေရာအစုံပဲ၊ ပြည်မြို့မ စျေးကြီးရယ်၊ မြို့အဝင်ရယ်၊ ကိုးသောင်းမီးပွိုင့်၊ မြ၀တီဘဏ်အရှေ့တွေမှာ အဓိကစစ်တယ်။ ဒဏ်ကြေးအတိအကျ ဘယ်လောက်ပေးရတယ်ဆိုတာတော့ သေချာမသိဘူး။ ကြားတာတော့ နှစ်သိန်းပေးရတယ်လို့ကြားတယ်” ဟု ပြည်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေ ၃၀ရက်မှစတင်ကာ Facebook ကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများပိုမိုဆိုးရွာနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက VPN သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီးနောက် ၎င်းတို့၏ လက်အောက်ခံ စစ်သားနှင့် ရဲများက ပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ Facebook အသုံးပြုမှုကို ပိတ်ပင်ခဲ့ပြီး ပြည်သူများက VPN တစ်ဆင့်ခံကာ Facebook အားဆက်လက် အသုံးပြုနေခြင်းကြောင့် လက်ရှိတွင် VPN များကို ပိတ်ပင်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ပြည်သူများက Facebok အသုံးပြုပြီး စစ်တပ်အား ထောက်ပြခြင်း၊ ဝေဖန်ခြင်းများကို ဖိနှိပ်ရန်အတွက် စစ်တပ်က ဥပဒေများကို လိုသလိုရေးဆွဲပြီး ပြည်သူများအား မတရားဖမ်းဆီးမှုများလည်း နေ့စဉ်နီးပါးပြုလုပ်လျက်ရှိနေသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုပြင်းထန်နေသည့် စစ်ကိုင်း၊ မကွေး၊ ရခိုင်၊ ချင်း၊ ကချင် ဒေသများတွင်လည်း အင်တာနက်ဖြတ်တောက်မှုများကို စစ်တပ်က ပြုလုပ်ထားခြင်းကြောင့် တော်လှန်ရေးအဖွဲ့အချို့နှင့် ပြည်သူအချို့သည့် Starlink အား သုံးစွဲနေကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပြီးပါက လွတ်လပ်စွာ အင်တာနက်သုံးစွဲခွင့် ဖိနှိပ်ခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၄ရက်က အမေရိကန်အခြေစိုက် Freedom House က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ကကမ္ဘာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အင်တာနက် လွတ်လပ်ခွင့် အဖိနှိပ်ခံနေရသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အမေရိ ကန် Freedom House အဖွဲ့ကထုတ်ပြန်ခဲ့သည်။