By Bala / MPA
ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စစ်ကောင်စီကို တော်လှန်သူ ၆၀ ကျော် ပျောက်ဆုံးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထံက သိရသည်။
ပြီးခဲ့သည့် မေလတစ်ရက်နေ့မှ ဇွန်လ၁၂ရက်အထိ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ စစ်ကောင်စီကို တော်လှန်သူ ၆၀ကျော်တို့မှာ မည်သည့်နေရာများသို့ ရောက်ရှိသွားသလဲ မသိရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
“ စစ်ကောင်စီကိုပြန်တိုက်တာကနေ အခုထိအဆက်အသွယ်မရဘဲ ပျောက်နေတဲ့သူက ၆၀ကျော် တော့ရှိတယ်။ ဒါကအခုထိ အဆက်အသွယ်မရဘူးပေါ့။ အခုထိ သေလား၊ရှင်လားလည်း အတည်မပြု နိုင်တဲ့အခြေအနေပေါ့” ဟု ၎င်းက MPAသို့ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများကို PNLAတပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ သတ်ဖြတ်မှုများရှိနေကြောင်းလည်း သိရသည်။
“ တကယ်တော့ စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်တွေ ဆိုတာက လူမျိုးကိုကိုယ်စားပြုတဲ့ တပ်ဖွဲ့တွေမဟုတ်ပါဘူး။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဆိုတာက စစ်ကောင်စီကိုပဲ ကိုယ် စားပြုတဲ့ တပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ ပြည်သူတွေကို ကျွန်တော်တို့တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီးတော့ သတ်ဖြတ် တယ်ဆိုတာက ဒါက စစ်ကောင်စီကလုပ်နေကျအကျင့်ဘဲဖြစ်တယ်ပေါ့လေ” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့သည် ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာသား ၅၉ ဦးကို ဇွန်လ၁၀ ရက်က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ပြန်မလွှတ်သေးကြောင်း PNLA က ဇွန်၁၂ရက်ညတွင် ထုတ်ပြန်ထားသည်။