By Nway / MPA
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ထောက်ကြန့် ရဲစခန်း၊ အိမ်ထောင်သည်လိုင်းခန်းနှင့် ယာဉ်ထိန်းရုံးတို့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်၊ ည ခုနှစ်နာရီ ၁၅မိနစ်ခန့်တွင် ထောက်ကြန့် ရဲစခန်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းနှင့် ယာဉ်ထိန်းရုံးတို့ကို ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဝေးထိန်းမိုင်း နှစ်လုံးကို တစ်လုံးတည်းပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဖောက်ခွဲတဲ့အချိန်မှာ စစ်သားတွေ ၊ ရဲတွေ အနားမှာရှိလို့ ထိခိုက်မှုရှိနိုင်ပါတယ်။ အတိအကျကို စုံစမ်းနေဆဲပါ “ ဟု ၎င်းက MPA သို့ ပြောသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကား ၊ ရဲကား ငါးစီးခန့်ရောက်လာပြီး ပြည်လမ်းမနှင့် အနီးတစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။
“ ရဲဘော်တွေ မနည်းပြန်ဆုတ်လာရတယ်။ ကားတွေဖမ်းပြီး စစ်တာမျိုးတော့ မဟုတ်ပေမဲ့ လမ်းပိတ်ပြီး စစ်ဆေးနေတာတွေရှိတယ်။ ဆေးရုံကား အသွားအလာလည်း ရှိတယ် “ ဟု မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံကပြောသည်။
ယင်းတိုက်ခိုက်မှုကို Yangon UG People Army (YUPA) နှင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) မှ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ရပ်တည်ရေးအတွက် ဘဏ္ဍာငွေလိုအပ်နေကြောင်း သိရသည်။
ဇွန်လ နှစ်ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးရှိ မင်္ဂလာဒုံရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းထောင့်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။