By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနီးရှိ ထီတော်တင်ကျေးရွာ အခြေစိုက် ကာကင်းစခန်းကို PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းခဲ့ရာ စစ်သား ၂၀ ခန့်သေ ဆုံးပြီး ငါး ဦးအား အရှင်ဖမ်းမိကာ သေနတ် ၁၀လက် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၁ ရက်နေ့၊ ညနေ ငါးနာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် တစ်မိုင်ခန့်အကွာ ထီးတော်တင်ကျေးရွာတွင် အင်အား ၃၅ ဦးခန့်ဖြင့် တပ်စွဲထားသော ရှေ့တန်း ကာကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာ၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း Union Liberation Front-ULF V02 က ယနေ့(ဇွန်၁၂ရက်)မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ငါးဦး အရှင်ဖမ်းမိပြီး ၂၀ သေတယ်။ကျန်တဲ့ စစ်သားတွေက စခန်းစွန့်ထွက်ပြေးသွားတယ်။ ဖမ်းမိတဲ့သူတွေကိုတော့ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို ကျတော်တို့ အပ်မှာပါ”ဟု Union Liberation Front (ULF စစ်ကြောင်း) ၊ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန် ကပြောသည်။
ယင်းတိုက်ပွဲအပြီးတွင် လက်နက်ငယ် ကိုးလက်၊ စိန်ပြောင်း တစ်လက်၊ ၆၀ (မမ)ဗုံးသီးငါး လုံး၊ ၇၉(မမ) ဗုံးသီး နှစ်လုံး၊ကျည်ဘောက်၂၅ဘောက်နှင့် 5.56 ကျည် ၁၃၃၀ သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း နမခမှအင်အား ၁၀၀ ခန့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ဦးစီး၍ ယင်းမာပင်မြို့နယ် တိုက်နယ် တစ် ပကဖ ( ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ( ဗိုလ်မုတ်ဆိတ်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ကိုး ပကဖ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ ) ၊ ကနီမြို့နယ် တိုက်နယ် ငါး ပကဖ အဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ( B21 PDF) ၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ၄၅ ( KLG PDF) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ( PDA) ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ၁၃ (AungSan Generation)၊ မုံရွာခရိုင် တပ်ရင်း ၁၄ ၊ ချင်းတွင်း Brother LPDF နှင့်ဘုတလင် Mobile team တို့က ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။