By Ra Wai / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသဖြင့် ဒေသခံ ၁၅၀၀ကျော် အရေးပေါ်တိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့(ဇွန်လ ၁၂ရက်) နံနက် ခုနှစ်နာရီဝန်းကျင်က မတ္တရာမြို့ပေါ်မှ လာသော အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရှင်လှရွာသို့ ဝင်ရောက်လာပြီး ရွာတောင်ဘက်ခြမ်းနှင့် ရွာလယ်ရှိ နေအိမ်များကို သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ ရှင်လှရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းThe Voice of Wetlet Madayar ထံက သိရသည်။
“ အရင် ရှင်လှ တောင်ရွာကိုရှို့တာ။ပြီးမှ ပြန်ဆုတ်လာပြီး အလယ်ရွာကို ရှို့တာ။ အလယ်ရွာ ရှို့ပြီးတဖန် ဒုတိယအကြိမ်တောင်ရွာကို ပြန်ရှို့တာ။ ခုလောလောဆယ်တော့ နီးစပ်ရာ ရွာတွေ တောတောင်တွေဆီ တိမ်းရှောင်နေရတယ်ဗျ” ဟု The Voice of Wetlet Madayarမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်း ရှင်လှရွာထဲသို့ ဝင်ရောက်လာ ချိန်၌ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ သော်လည်း ထိခိုက်၊ သေဆုံးသူမရှိကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ မွန်းလွဲ သုံးနာရီခန့်တွင် တောပုရွာသို့ ရောက်ရှိနေကြောင်း သိရသည်။
ရှင်လှရွာတွင်း၌ နေအိမ်မည်မျှ မီးလောင်ပြာကျခဲ့သလဲဆိုသည်ကို မသိရသေးသလို အရေးပေါ်တိမ်းရှောင်နေသူများလည်း ရွာများထဲသို့ ပြန်မဝင်နိုင်သေးပေ။