By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ချင်းလက်မွန်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် အဘွားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇွန်လ၁၁ရက်၊ မွန်းလွဲ၁၂နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ်၂၅လုံး ပျက်စီးခဲ့ကြောင်း CDF(ကန်ပက်လက်)၊တပ်ရင်းနှစ်ထံက သိရသည်။
“ရွာထဲမှာပဲချသွားတာ။ အသက်၇၆နှစ်အရွယ် ပြည်သူအဘွားတစ်ဦးသေဆုံးတယ်။ ပြည်သူငါးဦး၊ ကျားသုံးယောက်၊ မ နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရလူနာတွေကတော့ မစိုးရိမ်ရဘူး” ဟု CDF (ကန်ပက်လက်)၊တပ်ရင်းနှစ်မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီတပ်က ပေါင်၅၀၀ ဗုံးတစ်လုံးနှင့် ပေါင်၃၀၀ ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းလက်မွန်ကျေးရွာတွင် အိမ်ခြေ၅၆လုံးရှိပြီး ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၌ တည်ရှိကာ ကျင်ဒွေးမြို့ စစ်ဘေးရှောင်အချို့နှင့် ဒေသခံများနေထိုင်နေသည့် ကျေးရွာဖြစ်သည်။
သေဆုံးသွားတဲ့အမျိုးသမီးကလည်း စစ်ဘေးရှောင်ကပဲ။ ထိခိုက်ဒဏ်ရာရတဲ့လူတွေကလည်း စစ်ရှောင်တွေပဲ။ ထိခိုက်ဒဏ်ရာရတဲ့လူတွေကိုတော့ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေ ဆေးကုသမှုပေးနေတယ်´ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံ ဦးဟုန်းနိုင်းက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့သလို မိုးရာသီစားနပ်ရိက္ခာနှင့် အခြားအသုံးအဆောင်ပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်းသိရသည်။
“လေကြောင်းတိုက်နေတုန်းကတော့ ပြည်သူတွေအကုန်ပြေးရတာပေါ့။ ခုတော့ရွာမှာ အကုန်ပြန်နေကြပြီ။ လောလောဆယ်အနေအထားမှာတော့ တခြားလူတွေနဲ့ပေါင်းနေတဲ့သူလည်းရှိတယ်။ ဒီလိုပဲ အဆင်ပြေသလိုနေနေရတဲ့အနေအထားပါ” ဟု CDF (ကန်ပက်လက်)၊ တပ်ရင်း(၂)တာဝန်ရှိသူက ယနေ့ (ဇွန်၁၂ရက်) တွင် ပြောသည်။
လက်ရှိတွင် ဗုံးထိမှန်သော အိမ်များ ပြန်လည်ဆောက်လုပ်ရန်နှင့် အမိုးအကာအကူအညီအရေးပေါ် လိုအပ်နေပြီး အဝတ်အထည်နှင့် စားနပ်ရိက္ခာအကူအညီလည်း လိုအပ်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။


