By Maung Dagon / MPA
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီအများစုတွင် လစာတိုးပေးခြင်းမရှိသဖြင့် ပိုမိုကျပ်တည်းလာသည်ဟု ၀န်ထမ်းများက ပြောဆိုနေကြောင်း MPA က စုံစမ်းသိရှိရသည်။
ပုဂ္ဂလိက ကုမ္ပဏီ အများစုသည် အာဏာမသိမ်းခင်ကထက် လုပ်ခလစာအား ရာခိုင်နှုန်း အနည်းငယ်မျှသာ တိုးပေးထားခဲ့ရာ ကျပ်ငွေတန်ဖိုး ကျဆင်းလာသည်နှင့်အမျှ ဝန်ထမ်းများ ကျပ်တည်းသထက် ကျပ်တည်းလာနေခြင်းဖြစ်သည်။
“ အာဏာသိမ်းပြီးစက ဒီမှာ စလုပ်တာ လစာ လေးသိန်းခွဲလောက်ကနေ အခု ငါးသိန်းကျော်၊ ငါးသောင်းလောက်တော့ တိုးလာတာပေါ့၊ ဒါပေမဲ့ ကုန်စျေးနှုန်းက ဒီကာလအတွင်း သုံးဆလောက်တက်သွားပြီ” ဟု လုပ်သက် သုံးနှစ်၀န်းကျင်ရှိ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်း တစ်ဦးက ပြောသည်။
အထူးသဖြင့် အလုပ်ခွင်ထဲ စရောက်သည့် လူငယ်များအတွက် မိသားစု အခက်အခဲအား တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းရန် ဖြစ်သော်လည်း ရရှိသည့် လစာငွေသည် လမ်းစရိတ်နှင့် စားစရိတ်ပင် မကာမိဟု ပုဂ္ဂလိကဝန်ထမ်းများထံမှ သိရသည်။
“ ကားခက နှစ်ဆင့်ဆိုရင်ပဲ အသွားအပြန် ၁၆,၀၀ ထမင်းစားရင် အနည်းဆုံး ၃၀,၀၀၊ တစ်ရက် ၅၀,၀၀တစ်လ တစ်သိန်းခွဲ ရတဲ့ လစာက နှစ်သိန်းခွဲ ဘာမှ မလောက်ငဘူး” ဟု အသက်နှစ်ဆယ်အရွယ်ရှိ ဗဟန်းမြို့နယ်၌ ရုံး၀န်ထမ်းလုပ်ကိုင်သူ လူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာသည် ကျပ် ၅၀,၀၀၀န်းကျင်ထိ ဖြစ်နေပြီး ကျပ်ငွေတန်ဖိုး အလွန်ကျဆင်းနေကာ ကုန်စျေးနှုန်းများ ၂၀၂၁ခုနှစ်ကထက် သုံးဆကျော် တက်လာခဲ့ပြီ ဖြစ်သည်။
သို့သော် ပုဂ္ဂလိက ကုမ္ပဏီအများစုတွင် လုပ်ငန်းရှင်များသည် ၎င်းတို့ အမြတ်မလျော့ရေးသာ တွက်နေသဖြင့် ၀န်ထမ်းများအား လစာ တိုးမပေးခြင်းဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဝေဖန်ပြောဆိုသည်။
“ သူဌေးတွေက သူတို့ အမြတ်မကျရေးဘဲ၊ စျေးတွက်ကို တွက်လွန်းတယ်။ လစာ နှစ်သိန်းပေးတဲ့ အလုပ်အခုထိ ရှိတုန်း၊ သူဌေးတွေ မရှိတာက မငတ်ဘူး။ သူတို့ ဘယ်တော့မှလည်း မရှုံးဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပုဂ္ဂလိက ကုမ္ပဏီ အချို့သည် ၎င်းတို့၏ ၀န်ထမ်းများအား လုပ်ခလစာများ သိသိသာသာ တိုးပေးခဲ့ကြောင်း သတင်းများထုတ်ပြန်ခဲ့မှုအား ပြည်သူများက ချီးကျူးမှုများပြုလုပ်ခဲ့သေးသည်။
MPA က စုံစမ်းထားမှုအရ ရွှေသံလွင်၊ Asia World ၊ KBZ ၊ AYA တို့ အပါအဝင် ခရိုနီကြီးများ၊ ခရိုနီလက်သစ်များ ပိုင်သည့် ကုမ္ပဏီကြီးများတွင် လုပ်ခလစာများ တိုးပေးခြင်း မရှိကြောင်း သိရသည်။