By Nway / MPA
ဇွန်လ၁၁ ရက်တာအတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၃၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်သည်။
ဇွန်လတစ်ရက်မှ ၁၁ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး၁၅ဦးနှင့် အမျိုးသား၁၉ဦး စုစုပေါင်း ၃၄ဦး သေဆုံးခဲ့ကြောင်း သေဆုံးမှုအများဆုံး ဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ကာ လေကြောင်းတိုက်ခိုက် မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“လေကြောင်းတိုက်ခိုက်မှုက စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်နေတယ်။လေကြောင်းရန်ကို အသေအချာခုခံနိုင်ရင် စစ်ကောင်စီ ဒါ့ထက်ပိုပြီး အလဲလဲအကွဲကွဲဖြစ်သွားနိုင်တယ်” ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
၁၁ရက်တာအတွင်း စစ်ကောင်စီတပ်ကြောင့် ရခိုင်ပြည်နယ်၌ ၂၂ဦးသေဆုံးခဲ့ပြီး ယင်း၂၂ဦးထဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးမှုမှာ ၁၇ဦး ဖြစ်ကြောင်း AAPP ကဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ရဲဘော်ရန်နောင်က “ကာကွယ်ရေးအဖွဲ့တွေအနေနဲ့တော့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် စခန်းပြောင်းတာတွေလုပ်နေရတယ်။သတင်းလုံခြုံရေးကိုလည်း အရင်ကထက် ပိုသတိပြု နေရတယ်။ဗုံးခိုကျင်းတွေလည်း ပြင်ထားရသလို မြေပြင်အစည်းအဝေးတွေ၊ လူစုလူဝေးဖြစ်စေမယ့် အရာတွေကို ဆင်ခြင်ရှောင်ရှားနေပါတယ်။ ပြီးတော့ ပြည်သူတွေကိုလည်း အသိပညာပေးလုပ် ဆောင်ရမှာဖြစ်သလို အတတ်နိုင်ဆုံး လူစုလူဝေး ရှောင်ရှားကြဖို့ပါ” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူငါးဦးလည်း သေဆုံးခဲ့သေးကြောင်း AAPP ကဆိုသည်။