By Ra Wai / MPA
သွားလာခွင့်ကန့်သတ်ခံထားရပြီး ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေသော်လည်း ၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း လူတစ်သန်းနီးပါးကို အကူအညီပေးနိုင်ခဲ့ကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။
ယင်းလူတစ်သန်းနီးပါးတွင် နေရပ်စွန့်ခွာသူဦးရေ ငါးသိန်းနီးပါးပါဝင်ပြီး မြန်မာနိုင်ငံရှိ လူသားချင်းစာ နာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကုလအဖွဲ့တွေက အကူအညီပေးနေတယ်ဆိုတာကြားရတော့ ဝမ်းသာရပါတယ်။ဒါပေမဲ့၊ကျတော်တို့ အညာဒေသက စစ်ဒဏ်သင့်ပြည်သူတွေဆီရော စစ်ရှောင်ကူညီနေတဲ့အဖွဲ့တွေဆီပါ ကုလအကူအ ညီ ရောက်လာပြီဆိုတဲ့ အသံမျိုးလည်း ကျတော်တို့ သိပ်ကြားချင်နေပါတယ်” ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။
စာနာမှုမိတ်ဖက်အဖွဲ့များ အကူအညီပေးခဲ့သည်ဆိုသော လူတစ်သန်းမှာ မြန်မာနိုင်ငံမည်သည့်ဒေသ မှ ပြည်သူများဖြစ်ကြောင်းနှင့် မည်သို့သော အကူအညီများ ပေးအပ်ခဲ့သလဲဆိုသည်ကိုမူ UNOCHA Myanmar ၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားခြင်းမရှိပေ။
အကူအညီအပူတပြင်းလိုအပ်နေသော သန်းနှင့်ချီသည့်လူများအတွက် လူမှုဘဝကယ်ဆယ်ရေးအကူအညီများ ရရှိစေရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ဆိုးဆိုးဝါးဝါးပြတ်လပ်သွားခြင်းမရှိစေရေးအတွက် မြန်မာနိုင်ငံအတွင်း အကူအညီပေးနေသည့်အဖွဲ့အစည်းများသည် ရန်ပုံငွေ အရေးတကြီးလိုအပ်နေကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၄ နှစ်ဝက်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း မြန်မာလူသားချင်းစာနာမှုလုပ်ငန်းအတွက် တောင်းခံထားသောငွေ၏ ၁၂ရာခိုင်နှုန်းမျှသာ ရရှိသေးကြောင်းလည်း UNOCHA Myanmar က ထုတ်ပြန် ထားသေးသည်။
၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းကို တောင်းခံထားခြင်းဖြစ်သည်။
မြန်မာ လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေကြောင်း UNOCHA Myanmar က ဆိုသည်။
မြန်မာစစ်ဘေးရှောင်ပြည်သူများထံသို့ စာနာမှုအကူအညီများ အမှန်တကယ်ရောက်ရှိစေရေးအတွက် NUGအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှတစ်ဆင့် အကူအညီများ ပေးရန် မြန်မာ့ဒီမို ကရေစီရေးလှုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။