By Ko Paing / MPA
ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ယာဉ်ထိန်းရဲရိပ်သာကို ပြင်းအားမြင့်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ ည ရှစ်နာရီကျော်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း ခုံးတံတား အောက်ရှိ စိန်ပန်းမြိုင် ယာဉ်ထိန်းရဲရိပ်သာကို ပြင်းအားမြင့် မိုင်း နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကားတွေကို ငွေတောင်းပြီး ပြန်လာတဲ့ ဘဲဥ(ယာဉ်ထိန်းရဲ) နှစ်ကောင်တော့ ပြင်းပြင်းထန်ထန်ထိသွားတယ်။တစ်ယောက်ကတော့ မိုင်းစမှန်တာ။ကျန်တစ်ယောက်တော့ အတိအကျမသိရဘူး။ဆေးရုံကားတွေနဲ့သယ်သွားတယ်လို့ ကျနော်တို့မြေပြင်သတင်းအရသိရ ပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒုတာဝန်ခံက MPAသို့ ပြောသည်။
ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးသည် ဇွန်လ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် မွေးနေ့အတွက် “ ငုံ့မခံဘူး တုံ့ပြန်နေမည် သံမဏိနှင်းဆီ” စစ်ဆင်ရေးအဖြစ် ဖော်ဆောင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။