By Nway / MPA
စစ်ကိုင်းတိုင်း ရေဦးမြို့၊ စစ်ကောင်စီတပ်အထိုင်ချစခန်းကို ဒရုန်းဖြင့် ဗုံးရှစ်လုံး ကြဲချခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၁၁ရက်) နံနက် ၁၁နာရီခွဲခန့်တွင် ရေဦးမြို့၊ ရေဦးကုန်းရပ်ကွက်၊ စပါးဒိုင်ကွင်းအဟောင်းတွင် အင်အား ၅၀ခန့်ဖြင့် စခန်းချထားသော စစ်ကောင်စီစခန်းကို Fixed Wings Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Ye U PDF ထံက သိရသည်။
“ စပါးဒိုင်ကွင်းအဟောင်းမှာ တပ်စွဲထားတာ နှစ်နှစ်ကျော်ပြီ။အစက အင်အား ၂၀ ဝန်းကျင်ပဲရှိတာ။ ခုတော့ ဘန်ကာတွေအခိုင်အမာ တူးထားပြီး အင်အားထပ်ဖြည့်တာ ၅၀ လောက်ရှိတယ်။ ဗုံးသီး ရှစ်လုံးကို တစ်ပြိုင်တည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိနိုင် ပေမဲ့ အသေးစိတ်အတည်မပြုနိုင်သေးဘူး ” ဟု Ye U PDF၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြတ်ထင် က MPA သို့ ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်စဉ် စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
“ ဒရုန်းတွေရယ်၊ ကျတော်တို့ ရှိနိုင်မယ့်နေရာတွေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာပါ။ ဒရုန်းတစ်စင်းကတော့ Error ဖြစ်ပြီး ပျက်ကျသွားတာပါ။ ပြန်ကောက်လို့ ရပေမဲ့ ထပ်သုံးလို့မရတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ရေဦးမြို့၊ တိုင်းရင်းဆေးရုံ အထိုင်ချ စစ်ကောင်စီတပ်စခန်းမှ အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။