By Bala / MPA
ရန်ကုန်မြို့၌ စစ်ကောင်စီတပ်၏ ရှောင်တခင်အဖမ်းအဆီးများကြောင့် ညဘက် အပြင်ထွက်သူနည်းသွားသော်လည်း ရေပေါ်ဆီလူငယ်များ ကျက်စားရာ ကလပ်နှင့် ဘားများတွင်မူ ညစဉ် လူပြည့်နေမြဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ညကလပ်များနှင့် ဘားများသည် စစ်ကောင်စီတပ် နှင့် နားလည်မှုယူကာ ည ရှစ်နာရီမှ နံနက်လေးနာရီအထိ ညစဉ်ဖွင့်လှစ်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဘားတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ ကျွန်တော်က Cue Barမှာ လုပ်တာ။ဆိုင်ခွဲတွေက မြို့နယ်အချို့မှာရှိတယ်ပေါ့။သင်္ဃန်းကျွန်းမှာ ဖွင့်ထားတဲ့ Cue Barဆို ဘာလိုလိုအကုန်ရတယ်ဗျာ။ မိန်းမလား၊ မူးယစ်ဆေးလားပေါ့။ဆိုင်အပြင် ကနေ သံပန်းတံခါးပိတ်ပြီး မနက်လေးနာရီအထိ ဖွင့်တာ။လူကတော့ တစ်ရက်ကို ၈၀ကနေ ၂၀၀ကြားပုံမှန်လာပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ Pioneer ကလပ်သို့ ယနေ့(ဇွန်၁၁ရက်)ည သွားရောက်မည့် လူငယ်တစ်ဦးကို MPA က မေးမြန်းရာ Package တစ်ခုလျှင် ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းအထိရှိပြီး ငါးဦးဝင်ခွင့်ပြုကြောင်း၊ VIP Packageတစ်ခုလျှင် နှစ်သိန်းခွဲမှ ငါးသိန်း အထိရှိပြီး ၁၀ယောက်အထိ ဝင်ခွင့်ပြုကြောင်းနှင့် တစ်ဦးချင်းဝင်လိုပါက ကျပ်နှစ်သောင်း ပေးရကြောင်း ပြောသည်။
“ လာကြတဲ့သူအများစုက တစ်ညကို နှစ်သိန်းလောက် အသာလေးသုံးနိုင်သူတွေချည်းပဲ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် စစ်မှုထမ်းဥပဒေဂယက်ကြောင့် လူငယ်အများစု သည် ည၈နာရီနောက်ပိုင်း၌ အကြောင်းကိစ္စရှိမှသာ သတိထားသွားလာတော့ပြီး ပြင်ပသွားလာသူ အနည်းစုသာရှိတော့ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် သုံးနိုင်ဖြုန်းနိုင်သည့် လူတန်းစား တစ်ရပ်သာ ကလပ်နှင့် ဘားများသို့ သွားကြကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army (YA) ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကျတော်တို့ခေါင်းထဲကို အမှိုက်မထည့်ဘူး။ သူတို့လည်း သူတို့အလုပ်သူတို့ လုပ်တာပါ။ ဒါပေမဲ့၊ စကစရဲ့ယုတ်မာမှုတွေကို အဲ့ရေပေါ်ဆီတွေ တစ်နေ့မဟုတ်တစ်နေ့ ကြုံကြရမှာပါ။ အဲ့အချိန်ကျမှ သူတို့သေချာသိသွားကြပါလိမ့်မယ်။သူတို့သိသွားတဲ့အချိန်မှာနောက်ကျသွားပြီဆိုတဲ့နောင်တတွေပါတွဲပြီးခံစားရပါလိမ့်မယ်။ကျွန်တော်တို့ကတော့ ကျနော်တို့ရွေးချယ်ခဲ့တဲ့ စကစကို အမြစ်ဖြုတ်ရေး ကိုပဲ ရှေ့ဆက်သွားကြမှာပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ပေါ်ရှိ နာမည်ကြီး ကလပ်ရှစ်ခုသို့ တစ်ညလျှင် လူ ရာနှင့်ချီ သွားရောက် ပျော်ပါးနေကြ ကြောင်း MPAက စုံစမ်းသိရသည်။


