By Nway/ MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် လက်လုပ်သေနတ်ချို့ ယွင်းမှုကြောင့် အသက်၁၆နှစ်အရွယ်ရှိ ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၁၀ရက်)နံနက် ၁၀နာရီခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှ ထွက်လာသော အင် အား ၃၀ခန့်ပါ စစ်သားများသည် မုံရွာမြို့နယ်၊ မုံရွေးတန်ပိုဂိတ်၌ ခေတ္တအထိုင်ချနေစဉ် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်လုပ်သေနတ်ချို့ယွင်းမှုကြောင့် မိမိသေနတ်မှကျည် မိမိ ကိုယ်ကို ပြန်ထိမှန်ကာ ကျဆုံးခဲ့ကြောင်း Area 71 တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” သူတို့ ( စစ်ကောင်စီတပ်သားများ ) ကို အရင်မိုင်းဆွဲမယ်။ ပြီးမှ လက်နက်ငယ်တွေနဲ့ ပစ်ဖို့လုပ် ထားတာ။ ဒါပေမဲ့၊ မိုင်းက မအောင်တော့ ပြန်ဆုတ်ခဲ့ရတာဗျ။ ဆုတ်ပြီးတော့ လက်နက်ငယ်နဲ့ ပစ် မယ့် ရဲဘော်တွေက ကျည်ရှင်း ဘာညာလုပ်တဲ့အချိန်မှာ လက်လုပ်သေနတ်ကာဘိုင်က Error တက်ပြီး ရဲဘော်တစ်ဦးကျတာ ” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းရဲဘော်သည် မုံရွာမြို့နယ် အခြေစိုက် Black Hero Local PDF အဖွဲ့မှဖြစ်ကြောင်း သိရသည်။
” ရင်ဘတ်မှာ ဒဏ်ရာရတာဗျ။ ဆေးကုသဖို့သွားနေတုန်း လမ်းမှာတင် ကျသွားတယ်။ ဒီမနက်ပဲ ချက်ချင်း သင်္ဂြိုဟ်ပြီးပါပြီ ” ဟု ၎င်းကပြောသည်။
ထို့ပြင် မုံရွေးတန်ပိုဂိတ်သို့ ရောက်ရှိလာသော စစ်သားများက လက်နက်ကြီးဖြင့် ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ မုံရွေးရွာမှ ပြည်သူနှစ်ဦးနှင့် ကြေးမုံရွာမှ ပြည်သူ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ခြောက်နာရီခန့်ကလည်း မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြား ရေး ထံက သိရသည်။