By Ra Wai / MPA
၂၀၂၄ နှစ်ဝက်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း မြန်မာလူသားချင်းစာနာမှုလုပ်ငန်းအတွက် တောင်းခံထားသောငွေ၏ ၁၂ ရာခိုင်နှုန်းမျှသာ ရရှိသေးကြောင်း UNOCHA Myanmar က ယနေ့ (ဇွန် ၁၀ ရက်) သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံထားရာ ယင်းငွေ၏ ၁၂ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိသေးခြင်းဖြစ်သည်။
“မြန်မာပြည်သူတွေကို ကုလသမဂ္ဂရဲ့ ကူညီနေမှုအပေါ် အသိအမှတ်ပြုရပါမယ်။ဒါပေမဲ့၊ကုလရဲ့ ကူ ညီမှုတွေဟာ စာနာမှုအကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ အမှန်တကယ်ရော ရောက်ရှိ ရဲ့လားဆိုတာလည်း ထည့်စဉ်းစားရပါမယ်။စစ်ကောင်စီလမ်းကြောင်းကနေတစ်ဆင့် ကူညီမှုတွေ ဟာ စစ်ကောင်စီခွင့်ပြုတဲ့ နေရာလောက်ပဲရမှာပါ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း ပြင်းထန်နေဆဲ လက်နက်ကိုင်ပဋိပက္ခ၊ များပြားလှသော ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေနှင့် အရပ်သားကာကွယ်စောင့်ရှောက်မှုလိုအပ်ချက်စသည့် ဆိုးရွားလှ သော ဘေးကျပ်နံကျပ်ကာလတစ်ခုကို ရင်ဆိုင်နေရပြီး လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေကြောင်း UNOCHA Myanmar က ဆိုသည်။
“ကုလအဖွဲ့အစည်းတွေက စစ်ကောင်စီသဘောထားကို ဆန့်ကျင်ပြီး ဘာမှမလုပ်ရဲဘူး။မိုခါမုန်တိုင်း တုန်းကတောင် စစ်ကောင်စီပေးခိုင်းသလောက်ပဲ စာနာမှုအကူအညီ ပေးခွင့်ရတယ်”ဟု ၎င်းက ပြောသည်။
မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် စာနာမှုအကူအညီများကို NUGအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှတစ်ဆင့် ပေးမှသာ အကူအညီလိုအပ်နေသူများထံ အကူအညီများ အမှန်တ ကယ်ရောက်မည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။