By Bala / MPA
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့်ရေကြီးနေကြောင်း သိရသည်။
ဇွန်လ ခုနှစ်ရက်မှစတင်ကာ ယနေ့အထိ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လမ်းမကြီးအချို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးထံကက ပြောသည်။
“ သောင်ရင်းမြစ်ရေကြီးတာမဟုတ်ပါဘူး။မိုးက သုံးရက်ဆက်တိုက်ရွာတော့ မြောင်းရေလျှံတာပါ။ ကမ်းနားနဲ့ နီးတဲ့ရွာတွေမှာတော့ မြစ်ရေတက်ပါတယ်။အခုတော့ မိုးတိတ်နေပြီဆိုတော့ မစိုးရိမ်ရ ပါဘူး။ရေကတော့ ကျန်နေပါသေးတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
မြဝတီမြို့ပေါ် ရေကြီးနေမှုအခြေအနေနှင့် ပတ်သက်ပြီး မြို့ခံတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ယနေ့(ဇွန်လကိုးရက်)မွန်းလွဲတစ်နာရီအချိန်ထိ ရေပြန်မကျသေးကြောင်း ပြောသည်။
“ မြဝတီ၊တောလမ်းတွေအားလုံး မိုးအဆက်မပြတ်ရွာသွန်းလို့ ရာသီဥတုအခြေအနေအရ ပိတ်ထား ပါတယ်။မြဝတီမြို့ကိုလည်း ကားအဆင်းတစ်ခုတည်းသွားလို့ရပါတယ်။ လမ်းဟောင်းကနေပေါ့။ ရန်ကုန်ဘက်ကိုတော့တက်လို့မရသေးဘူး။ရေအကြီးဆုံးနေရာက တစ်ဂိတ်နဲ့ ကမ်းနားဘက်ပဲ။မြို့ထဲ က နေရာသုံးခုလောက်မှာ ကားဘီးမြုပ်တဲ့အထိ ရေတက်နေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ မြဝတီမြို့အခြေအနေမှာ လမ်းမပေါ် ရေကြီး၊ရေလျှံမှုအဆင့်သာရှိပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ရသည်အထိ မဆိုးသေးကြောင်း MPAက စုံစမ်းသိရသည်။
















