By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန် ရှစ်ရက်၊ ညနေ သုံးနာရီဝန်းကျင်က မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ စာသင်ကျောင်းထဲ၌ PDF တပ်ဖွဲ့များ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံး တစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDF ရဲဘော်တစ်ဦးထံက သိရသည်။
“ သတင်းပေါက်တာပေါ့။ ကျောင်းဝင်းထဲကျတာ။ ကျတဲ့ ရဲဘော်နှစ်ယောက်က လေယာဉ်သံကြားလို့ ထွက်ကြည့်ရင်း ဖြစ်သွားတာ။ ကျောင်းအုတ်တံတိုင်းကတော့ ပျက်စီးသွားတယ်။ အစ်ကိုကကျ ကံကောင်းသွားတယ်။ အလုပ်ကိစ္စခိုင်းလို့ ထွက်သွားတဲ့အချိန်ဖြစ်သွားတာ” ဟု ၎င်းကMPAသို့ ပြောသည်။
PDF ရဲဘော်တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံ၌သေဆုံးကြောင်း၊ ဒဏ်ရာရရှိသည့် ရဲဘော်နှစ်ဦးမှာ မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
လေကြောင်းတိုက်ခိုက်မှုပြီးနောက် မုံရွာမြို့၊ ကျောက်ဆစ်ပုံအမြောက်တပ်မှလည်း ညောင်ပင်တဲကျေးရွာဘက်သို့ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။