ထိုင်းနိုင်ငံ၊ Muang ခရိုင်၊ Khon Kaen ပြည်သူ့ဆေးရုံတွင်ဆေးရုံတက်နေသော မြန်မာလူနာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း Bangkok Post သတင်း၌ ဖော်ပြထားသည်။
ဆေးရုံတွင် အသတ်ခံရသူနှင့် ကုတင်ဘေးချင်းကပ်လျက် ဆေးကုသမှုခံယူနေသော သူ၏ဖခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းကြောင့် စိတ်ဆိုးဒေါသဖြစ်ကာ ပစ်သတ်ခဲ့သည်ဟု ရဲတပ်ကြပ်ကြီး Veeraphong Buayen က ဝန်ခံခဲ့ကြောင်း သိရသည်။
‘‘တရားခံက သူ့အနေနဲ့ အသတ်ခံရသူကို ပထမဆုံး တွေ့ဖူးခဲ့တာလို့ ပြောပါတယ်။ အဲဒီလူရဲ့ စိတ်အနှောက်အယှက်ပေးတဲ့ အပြုအမူကို မကြိုက်တာကြောင့် အခုလို ဦးခေါင်းကို သေနတ်နဲ့ ပစ်ခဲ့တာလို့ ဝန်ခံပါတယ်” ဟု ရဲမှူးချုပ် Anuwat Suwannaphum က ပြောသည်။
ဇွန်လခုနှစ်ရက် နံနက်အစောပိုင်းအချိန်တွင် ဆေးရုံတက်နေသည့် အသက်၂၉နှစ်အရွယ်ရှိ မြန်မာ နိုင်ငံသားကို ရဲတပ်ကြပ်ကြီးက သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။ ၎င်းကို ယနေ့(ဇွန်လရှစ်ရက်)တွင် ဖမ်းမိခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ကြောင်းလည်း ဝန်ခံခဲ့သည်။
ယင်း ရဲတပ်ကြပ်ကြီး သည် စိတ်ကျရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရကြောင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးရေးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုထားသည်။
သေဆုံးသူ၏ချစ်သူ ထိုင်းအမျိုးသမီးက “ဥပဒေစိုးမိုးရေးလုပ်ကိုင်သူတစ်ဦးအနေနဲ့ အခုလိုပြစ်မှုမျိုး ကျူးလွန်မယ်လို့ မထင်ထားဘူး” ဟု ပြောသည်။
ထို့အပြင် သူမ၏ ချစ်သူသည် ညနက်သည်အထိ မိုဘိုင်းဖုန်းနှင့် ဂိမ်းဆော့ရသည်ကို နှစ်သက်ပြီး တခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း ယခုလို သေနတ်ဖြင့် ပစ်သတ်သည်အထိ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အသတ်ခံရသူမြန်မာနိုင်ငံသားသည် အကြိတ်ခွဲစိတ်ကုသရန် ဆေးရုံတက်နေခြင်းဖြစ်ပြီး သေနတ် ဖြင့် အပစ်ခံရပြီး မကြာမီ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့သည်။
ရဲတပ်ကြပ်ကြီးကို ကြိုတင်ကြံစည်လူသတ်မှုနှင့် လက်နက်ခဲယမ်း တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်း သိရသည်။