By Nway / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ် အုန်းတောတောင်စုကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် ယင်းရွာကို ခုနှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လရှစ်ရက်) မွန်းလွဲ သုံးနာရီ ၂၅မိနစ်ခန့်က PDF တို့နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အုန်းတောတောင်စုရွာကို စစ်တပ်က စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း Successful Force – Pauk အဖွဲ့မှ သတင်းပြန်ကြားတာဝန်ခံ ကိုလိပ်ပြာက ပြောသည်။
“ ခါတိုင်းက တိုက်ပွဲဘာညာရှိလို့ ရှို့တာပါ။ အခုနေ့ ရှို့တာတော့ ဒီအတိုင်းရှို့တာပဲ။ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိဘူး။ ပေါက် ကပစ ကနေ လက်နက်ကြီးနဲ့ထုတာတွေလည်း မရှိဘူးဗျ “ ဟု ၎င်းက MPAသို့ ပြောသည်။
အုန်းတောတောင်စုရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် မီးရှို့မှုများကြောင့် ခန့်မှန်း အိမ်ခြေ ၁၂၀ ခန့် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ ဒီနေ့ ရှို့တာရဲ့ ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ အုန်းတောတောင်စုရွာက စစ်တပ်က အထိုင်ချလိုက်ပြီဆိုကတည်းက ပြည်သူတွေ နေရပ်စွန့်ခွာသွားတာ အခုချိန်ထိပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်အကြိမ်များက ဒေသခံPDFတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုန်းတောတောင်စုကျေးရွာသည် ပေါက် – ပခုက္ကူကားလမ်းဘေးတွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ သုံးရက်မှစ၍ ပခုက္ကူတပ်မ ၁၀၁ နှင့် ပေါက် ကပစ ၂၄ မှ စစ်သားများ လာရောက်တပ်စွဲခဲ့ခြင်း ဖြစ်သည်။