ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ခွင့်ပြုမထားသော Nitrous Oxide ဓာတ်ငွေ့ပူဖောင်း ရောင်းချနေသည့် မြန်မာနိုင်ငံသား ၁၆ဦးကို ဖမ်းမိခဲ့ကြောင်း Bangkok Post သတင်း၌ ယနေ့(ဇွန်ရှစ်ရက်)ဖော်ပြသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Khao San လမ်းရှိ ဖျော်ဖြေပွဲ ကျင်းပရာနေရာများနှင့် ဆိုင်များကို ရဲတပ်ဖွဲ့က ရှောင်တခွင်ဝင်ရောက်စစ်ဆေးစဉ် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ကမ္ဘောဒီးယား နိုင်ငံသားနှစ်ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို ယင်းဓာတ်ငွေ့ပူဖောင်းများ ရောင်းချနေခြင်းကြောင့် ခွင့်ပြုချက်မရှိဘဲ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး အက်ဥပဒေ ပုဒ်မ ၁၂အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“ဆိုင်ပိုင်ရှင်တွေကတော့ သူတို့ဆိုင်တွေနဲ့ အခုလို ရောင်းနေတာတွေက ဘာမှမပတ်သက်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့်၊ အခုလိုရောင်းချတာက ဥပဒေကိုဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ဆိုင်ပိုင်ရှင်တွေလည်း တာဝန်ယူရမယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဌာန (ATPD) ၏ ဒုရဲမှူးကြီး Pol Col Surapong က ပြောသည်။
ဖမ်းဆီးရာတွင် နိုက်ထရပ်အောက်ဆိုဒ် ပါ၀င်သည့် ဓာတ်ငွေ့ပူဖောင်း တစ်လုံး၊ ပူဖောင်းရောင်းချသည့် ကြော်ငြာစာ တစ်ခု၊ နိုက်ထရပ်အောက်ဆိုဒ် ပြွန် ၁၈ ခု၊ပူဖောင်းအသစ် အလုံး ၂၇၃၀နှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပူဖောင်းထဲကဓာတ်ငွေ့ကို နှာခေါင်းဖြင့် တိုက်ရိုက် ရှူရှိုက်ရခြင်း ဖြစ်ပြီး ရှူသွင်းလိုက်သော ဓာတ်ငွေ့သည် လူ၏စိတ်ကို ကြည်နူးပျော်ရွှင်စေကာ ရယ်မောအောင် လုပ်နိုင်သောကြောင့် “Happy Balloon” ဟု လူသိများသည်။
ယင်းဓာတ်ငွေ့သည် ရှူရှိုက်သူများ၏ လည်ချောင်းနှင့် အဆုတ်ကို ထိခိုက်စေနိုင်ပြီး အသက်ရှူရပ်သွားခြင်း သို့မဟုတ် နှလုံးကို အန္တရာယ်ရှိသည့်အဆင့်အထိ နှေးကွေးစေနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၁၉၆၇ ခုနှစ် ဆေးအက်ဥပဒေအရ Nitrous Oxide ရောင်းချခြင်းကို တားမြစ်ထားပြီး ဥပဒေချိုးဖောက်သူများအား ဘတ်ငွေ ၁၀,၀၀၀ နှင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်ခြင်း၊ ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ ခွင့်ပြုထားသော အလုပ်အကိုင်မဟုတ်သည့် အခြားအလုပ်အမျိုးအစားများ လုပ်ကိုင်ခြင်း စသည့် ပြစ်မှုများဖြင့်လည်း ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။