By Ko Paing / MPA
ကရင်နီပြည်နယ်အတွင်း ခြေတုတပ်ဆင်ရေးအလုပ်ရုံ ဖွင့်လှစ်ရန် ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ကြိုးပမ်းနေကြောင်း သိရသည်။
ဇွန်လခြောက်ရက်၊ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အဖြစ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ခြေတုတပ်ဆင်ရေးက DMO Local PDF တစ်ခု နဲ့ IEC Health တစ်ခု ၊ နယ်စပ် တစ်ခု ရှိပါမယ်။နယ်စပ်က တစ်ခုတော့ သင်တန်း ဖွင့်လှစ်နေတာရှိပါတယ်။ IEC health အနေနဲ့ သင်တန်း သုံးကြိမ် တက်ရောက်နေပြီး ၁၀ ဦး ဖြစ်ပါတယ်” ဟု IEC ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ကရင်နီပြည်နယ်၌ တော်လှန်ရေးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများနှင့်တော်လှန် ရေးရဲဘော်များအတွက်ခြေတုတပ်ဆင်ရေး၊ခြေတုတပ်ဆင်ရေးဆိုင်ရာအလုပ်ရုံ၊နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်မှုများနှင့် လစဥ် စားနပ်ရိက္ခာပံ့ပိုးမှုများကိုလည်း ကရင်နီပြည်ကျန်းမာရေးဌာနက ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ဆေးခန်းပေါင်း ၆၀ ကျော်နှင့် ဆေးရုံတစ်ရုံဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူနှင့်တော်လှန်ရေးရဲဘော်ပေါင်း ငါးသောင်းကျော်ကို ကုသပေးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ခူဦးရယ်က ပြောသည်။
ကရင်နီပြည်နယ်အတွင်း စစ်ဘက်ဆိုင်ရာကာကွယ်ရေးအပြင် ကျန်းမာရေးကဏ္ဍတွင်လည်း ကျန်းမာရေးဌာနများနှင့် ပူးပေါင်းကာ အခြေခံကျန်းမာရေးဝန်ဆောင်မှုဖြစ်သည့် ကုသရေးနှင့်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။