By Nway / MPA
၂၀၂၄ နှစ်ကုန်ပိုင်းတွင် ကရင်နီပြည်ရဲဌာနခွဲ (KSP) ၌ ရဲဝန်ထမ်း ၁၀၀၀ အထိ ခန့်အပ်ရန် လျာထားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။ ဇွန်လခြောက်ရက်၊ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အဖြစ် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ရဲလုပ်ချင်ရင် အခုထဲက ကြိုတင်ပြင်ဆင်ပြီး မှတ်သားထားလို့ ရပါတယ်။ တိုင်းပြည်ပြုပြင် ပြောင်းလဲ ရေးမှာ ပါဝင်ပြီး လုပ်လို့ရတာပေါ့။ ဖိတ်ခေါ်ပါတယ်” ဟု IEC ဝန်ထမ်းတစ်ဦးက MPAသို့ ပြောသည်။
တစ်နှစ်တာကာလအတွင်း ကရင်နီပြည်နယ်၌ ရဲစခန်း ၁၅ခုနှင့် ရဲကင်း ၁၀ခု တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဝန်ထမ်းပေါင်း ၅၈၅ဦး ခန့်အပ်ထားကြောင်း ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။
ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကဏ္ဍအတွက် ကရင်နီပြည်ရဲဌာနခွဲ (KSP) ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး အများပြည်သူ လုံခြုံမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
“ ရဲတွေကိုတော့ လောလောဆယ် ဒေသခံတွေပဲ ဦးစားပေးပြီး ခေါ်ဖြစ်နေတယ်။ ဒါပေမဲ့ တခြားဒေသက လူတွေလည်း လာလုပ်လို့ရပါတယ်” ဟု IEC ဝန်ထမ်းက ပြောသည်။
IEC သည် ကရင်နီပြည်နယ်တွင် ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်းထားပြီး ဌာန ရှစ်ခုဖြင့် ကဏ္ဍအလိုက် ပြည်သူလူထုအား ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း IEC ဥက္ကဌက ပြောသည်။


