ထိုင်းနိုင်ငံ၊ Muang ခရိုင်၊ Khon Kaen ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် စောင့်ဆိုင်းနေသည့် မြန်မာလူနာတစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် သေနတ်နှင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း Bangkok Post သတင်း၌ ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ သေနတ်သမားသည် ဧည့်သည်တစ်ဦးအဖြစ် ဟန်ဆောင်ကာ လူနာ၏ ရပ်ကွက်အကြောင်း သူနာပြုတစ်ဦးထံ မေးမြန်းခဲ့ပြီး လူနာဆောင်ထဲသို့ဝင်ကာ သေနတ်နှင့် ပစ်ခတ်ကာ ချက်ချင်း ထွက်ပြေးသွားသည်ဟု သိရသည်။
“သူ့ရဲ့ ကျောဘက်မှာ အကျိတ်တစ်ခုတွေ့တယ်။ အဲဒါနဲ့ ဗုဒ္ဓဟူးနေ့က သူ့ကို ဆေးရုံတင်လိုက်တယ်။ ဆရာဝန်တွေက ဒီနေ့ ခွဲစိတ်ဖို့ပြောထားတာ ခွဲစိတ်ဖို့အချိန်စောင့်နေရင်းနဲ့ အခုလို ဖြစ်သွားတာ” ဟု သေဆုံးသူ၏ချစ်သူ ထိုင်းအမျိုးသမီးက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ကိုကျော်စွာအောင် (၂၉နှစ်)၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တွေ့ရှိခဲ့ပြီး ဆေးရုံဝန်ထမ်းများက ၎င်းကို အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သော်လည်း မကြာခင်မှာပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
ကိုကျော်စွာအောင်သည် ၎င်းအလုပ်လုပ်နေသော စက်ရုံအတွင်းရှိ လုပ်ဖော်ကိုင်ဘက်များထံမှ ဘတ်၁၂,၀၀၀ ချေးထားကြောင်း သူ၏ချစ်သူက ပြောသည်။
တရားခံ မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျ မသိရသေးကြောင်းနှင့် စက်ရုံတစ်ခုတည်း၌ အလုပ်လုပ်နေပြီး လက်ရှိတွင် ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း သိရသည်။