By Nway / MPA
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် မေလ တစ်ရက်မှ ဇွန်လ ခြောက်ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အသက် ၁၈ နှစ်အောက် ကလေး ၂၄ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်သည်။
သေဆုံးခဲ့ရသည့်ကလေး ၂၄ ဦးမှာ အသက် ငါးနှစ်အရွယ် ယောကျ်ားလေး တစ်ဦးအပါအဝင် ယောကျ်ားလေး ၁၉ဦးနှင့် မိန်းကလေးငါးဦး တို့ဖြစ်ပြီး ယင်းသေဆုံးသူများထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့အချိန်ထိ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကို မဟာဗျူဟာမြောက် ခုခံ နိုင်စွမ်းမရှိသေးပါဘူး။အဲဒါကြောင့် စစ်တပ်က မြေပြင်မှာရှုံးနေသမျှ လေကြောင်းကို အားပြုပြီး တိုက် နေတာ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ယင်း၂၄ဦးအနက် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ငါးဦးစီဖြင့် သေဆုံးမှုအများဆုံး ဒေသများဖြစ်ကြောင်း AAPPက ဆိုသည်။
ဇွန်လ တစ်ရက်နေ့၊ နံနက် ၁၀ နာရီကျော်က စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရှိ ချောင်းဝရပ်ကွက်နှင့် အနောက်စုရပ်ကွက်အတွင်းသို့ Y-12 လေယာဉ်ဖြင့် ဗုံးခြောက်လုံး ကြဲချခဲ့ရာ ပျားလည်ချောင်းကျေးရွာမှ စစ်ဘေးလာရှောင်သော မခိုင်မိုးအေးနှင့် ယိုးတရုပ်ကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင် (ခ) ဒေါင်းဒေါင်းတို့ ဗုံးစထိမှန်၍ သေဆုံးခဲ့ကြောင်း AAPP၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“စစ်ကောင်စီရဲ့ ဗရမ်းဗတာ လေကြောင်းရန်ကို ထိန်းချုပ်ဖို့ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းကပြော နေတဲ့ လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့တာကို သေချာလုပ်နိုင်ဖို့လိုပါတယ်။ နိုင်ငံတကာရဲ့ လုပ်ဆောင် ချက်က ဘာမှထိရောက်မှုမရှိတော့ မြန်မာပြည်သူတွေ ဆက်သေနေရဦးမှာပဲ” ဟု ၎င်းက ဆက်လက် ပြော သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇွန်လ ခြောက်ရက်နေ့အထိ ပြုစုထားသောစာရင်းအရ စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၅,၂၃၆ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။