မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ အလုပ်အကိုင်ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထား ကြရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတိပေးလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အလုပ်အကိုင်ရှာဖွေနေသော အိန္ဒိယနိုင်ငံသားများအား အလုပ်အကိုင် ကမ်းလှမ်းမှုအတု သို့မဟုတ် တရားမဝင်အလုပ်များ၏ သွေးဆောင်ခြင်းမခံရစေရန် သတိပေး တိုက်တွန်းထားခြင်းဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေသတွင် လှုပ်ရှားနေသော နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတို့၏ သားကောင်ဖြစ်ရသော အိန္ဒိယ နိုင်ငံသားဖြစ်စဉ်များ တိုးလာနေကြောင်း သံရုံးက ဆိုသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီဒေသတွင် နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတစ်ခု လှုပ်ရှားနေပြီး အိန္ဒိယလူမျိုးများအနေနှင့် ယင်းဒေသတွင်း အလုပ်အကိုင်ကမ်းလှမ်းမှုများအပေါ် လက်မခံမီ သတိထားရန် သံရုံးက အကြံပေးထုတ်ပြန်ထားသည်။
တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်လူမျိုးများ ဦးဆောင်သော အွန်လိုင်းလိမ်လည်ဂိုဏ်း ကျားဖြန့်စင်တာများ ပိတ်ပစ်ခံရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်လုပ်ငန်းများ သိသိသာသာ ကြီးထွားလာခဲ့ကြောင်း United States Institute of Peace (USIP) က ဆိုသည်။
ငွေလိမ်လုပ်ငန်း၌ အဓိကပါဝင်သူများထဲတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် သုံးဦးပါဝင်ကြောင်း USIP အဖွဲ့က ဧပြီလ ၂၂ရက်နေ့၌ ထုတ်ပြန်ထားသည်။