By Nway / MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ငါးရက်တွင် ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်စိုး ဈေးဝယ်ထွက်လာစဉ် MA5 ပစ္စတိုတစ်လက် ၊ MA3 တစ်လက်၊ ကားတစ်စီးနှင့်အတူ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ မနေ့က ဖမ်းမိတာပါ။သေနတ် အတိုတစ်လက်၊MA 3တစ်လက်နဲ့ အိမ်စီးကားတစ်စီးရပါတယ်။လက်ရှိမှာတော့ စစ်ဆေးမေးမြန်းတာတွေလုပ်နေပါတယ်” ဟု ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
ဗိုလ်မှူး သန်းနိုင်စိုး ဖမ်းဆီးခံရပြီးနောက် ခလရ၁၀၆ တပ်ရင်းက အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ၊ လက်နက်ငယ်များနှင့် ပစ်ခတ်မှုများရှိကြောင်း သိရသည်။
“ ခလရ ၁၀၆ ဘက်က ဖမ်းဆီးခံရတာကို မနေ့ည ခြောက်နာရီကျော်မှ သိပုံရတယ်။မနေ့ည ခုနှစ်ခွဲကနေ ဒီနေ့ မနက် ၁နာရီအထိ မော့ကနင်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်တာရှိတယ်။နေရာအတိအကျပစ်တာမဟုတ်ဘဲ ရမ်းပစ်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗိုလ်မှူးသန်းနိုင်စိုးကို ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။