By Nway / MPA
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော ပြည်သူ တစ်ဦး မိုင်းထိ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်က မြင်းမူမြို့နယ်၊ အာလကပ္ပရွာမှ ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် နေ့ခင်း ၁၁နာရီခွဲခန့်တွင် ယင်းပြည်သူများ အား မိုင်းရှာခိုင်းခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
“ ဖမ်းထားတဲ့သူတွေကို စစ်သားတွေက အာလာကပ္ပရွာ၊ ရွှေဂူကြီးဘုန်းကြီးကျောင်းရဲ့ အနောက်နားကို မိုင်းရှာခိုင်းတာ။ အဲဒီနားမှာက PDF တွေက ဆင်ထားတဲ့မိုင်းတွေရှိတယ်။ စစ်သားတွေက သူတို့ထိမှာစိုးလို့ ပြည်သူတွေကို ရှာခိုင်းတာ ။ အဲဒီနားလည်း ရောက်ရော မိုင်းတွေက သူဟာသူ ထကွဲတာမှာ လူတွေထိတာ” ဟု ၎င်းက MPAသို့ ပြောသည်။
မိုင်းထိပြီး သေဆုံးသွားသူမှာ အသက်၄၃နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
“ တစ်ယောက်ကတော့ မြင်းမူဆေးရုံကြီးအထိ အသက်ပါသေးတယ်။ ဆေးရုံရောက်မှ ဆုံးတော့ ရွာက ကားနဲ့သွားခေါ်တယ်။ နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်လို့ မန္တလေးကို လွှဲလိုက်ပြီ။ သူက ရင်အုပ်ကိုမှန်တာလေ။ နောက်ဆုံးတစ်ယောက်ကတော့ သိပ်မထိခိုက်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော အာလကပ္ပရွာသားများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်တပ်က အာလကပ္ပရွာထဲသို့ သေနတ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ရာ အသက်၅၀ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်သင့်သေဆုံးခဲ့သည်။