By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
ယနေ့(ဇွန်လခြောက်ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းထဲသို့ သုံးလုံးနှင့် စာသင်ကျောင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
“ သုံးယောက်လုံးက စိုးရိမ်ရတယ်။ စစ်ကြောင်းရှုပ်နေလို့ ပျက်စီးမှု အခြေအနေကတော့ မသိရသေးဘူး” ဟု နွားထိုးကြီးမြို့နယ်ပကဖ ဒုတာဝန်ခံက MPA သို့ပြောသည်။
စိုးရိမ်ရဒဏ်ရာရသူများမှာ ဘုန်းကြီးကျောင်းထဲတွင် ရှိနေသူများဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ အင်အားတိုးမြှင့်ကာ ခြေရှုပ်နေသဖြင့် အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။