By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးချရန် မြို့ခံများကို ယနေ့(ဇွန်ခြောက်ရက်)နံနက်တွင်ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။
ဇွန်လ ခြောက်ရက်၊ နံနက် ခြောက်နာရီဝန်းကျင်၌ ချောင်းဦးမြို့ပေါ် အခြေစိုက် စစ်သားများက မြို့ထဲရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ အောင်ချမ်းသာရပ်ကွက်က သိုးကျောင်းသား နှစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသား တစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ချောင်းဦးမြို့ခံတစ်ဦးထံက သိရသည်။
“ သူတို့ (စစ်ကောင်စီ)ဘက်ကလည်း ပြောက်ကျားပုံစံနဲ့ ဆွဲနေတဲ့ သဘောရတယ်။ ဆွဲခံရတာ ဘယ်သူ၊ ဘယ်ဝါမှန်းတော့ မသိသေးဘူး။ ပျူရွာ ရိက္ခာပို့စစ်ကြောင်းရှိတော့ အခုနောက်ပိုင်း ပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်တာတွေ ရှိလာတယ်” ဟု ၎င်းကပြောသည်။
ချောင်းဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန်အတွက် ချောင်းဦးမြို့ပေါ်တွင် စစ်အင်အားစုနေသဖြင့် မြို့ပေါ်နှင့် စစ်ကောင်စီစိုးမိုးထားသည့် နယ်မြေများ၌ ပြည်သူများအသွားအလာဆင်ခြင်ကြရန် Chaung U People’s Defence Forceက ဇွန်လ ငါးရက်၌ အသိပေးထုတ်ပြန်ထားသည်။